ဘူလ်ဂေးရီးယားအစိုးရစနစ်ကို ဟက်ကာများက နှစ်ရှည်လများ သူလျှိုလုပ်ခဲ့

ဘူလ်ဂေးရီးယားနိုင်ငံမှာ အစိုးရဒေတာဘေ့စ်တွေထဲက စာရွက်စာတမ်း စာမျက်နှာ သန်းပေါင်းများစွာကို ၅ နှစ်ကြာ ဝင်ရောက် ဟက်ကာလုပ်သွားတဲ့ လုပ်ငန်းစဉ်တခုကို ဖော်ထုတ်နိုင်ခဲ့ပြီလို့ ဆန်းသစ်တီထွင်မှုနဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၈ ရက်မှာပြောပါတယ်။
ဒီဖြစ်ရပ်ဟာ ဘူလ်ဂေးရီးယား နိုင်ငံတော်အဖွဲ့အစည်းတွေအပေါ် ကျူးလွန်ခဲ့သမျှထဲမှာ အချိန်အကြာမြင့်ဆုံးနဲ့ အတိုင်းအတာ အကြီးမားဆုံး ဆိုက်ဘာသူလျှိုလုပ်မှုဖြစ်တယ်လို့ ဝန်ကြီး အီဗန်ဗာစီလေဗ့်က အတည်ပြုပါတယ်။
ဟက်ကာတွေဟာ ၂၀၂၁ ခုနှစ်မှာ စတင်ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ ဆက်လက် ဝင်ရောက်မှုတွေ ရှိခဲ့ကာ ပြီးခဲ့တဲ့ သြဂုတ်လအထိ စနစ်တွေအတွင်း ရှိနေခဲ့တာလို့ ဝန်ကြီး ဗာစီလေဗ့်က ပြောပါတယ်။
အဲဒီကာလအတွင်း ဒေတာ ၁၃၀ ဂျီဘီ (GB) ကျော်၊ ဒါမှမဟုတ် စာရွက်စာတမ်း စာမျက်နှာ ၆၂ သန်းလောက်ကို ဒေါင်းလုဒ် လုပ်သွားခဲ့ကြပေမဲ့ ဘူလ်ဂေးရီးယားပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ထိခိုက်ပေါက်ကြားသွားတယ်ဆိုတဲ့ အထောက်အထားကိုတော့ အခုချိန်အထိ မတွေ့ရသေးပါဘူး။
ဒီလုပ်ရပ်ရဲ့ နောက်ကွယ်မှာ နိုင်ငံတကာ ဟက်ကာအုပ်စုအချို့ ပါဝင်တယ်လို့ ယူဆရပြီး သူတို့ဟာ ဌာနဆိုင်ရာတွေ သတင်းအချက်အလက် ဖလှယ်တဲ့ အခြေခံအဆောက်အအုံတွေထဲ တရားမဝင် ဝင်ရောက်ကာ စနစ်အစိတ်အပိုင်း အသီးသီးကြား ကူးလူးသွားလာပြီး နိုင်ငံတော်လည်ပတ်မှုဆိုင်ရာ ထိလွယ်ရှလွယ် အချက်အလက်တွေကို စုဆောင်းသွားခဲ့ကြတာပါ။
ဒါပေမဲ့ တိုက်ခိုက်သူတွေကို သီးခြားနိုင်ငံခြားအစိုးရတရပ်ရပ် ဒါမှမဟုတ် ထောက်လှမ်းရေး အေဂျင်စီတစ်ခုခုနဲ့ ချိတ်ဆက်ပေးမဲ့ ခိုင်မာတဲ့ အထောက်အထား မတွေ့ရသေးသလို ခိုးယူသွားတဲ့ အချက်အလက်တွေကို ဘယ်လိုအသုံးချခဲ့သလဲ ဆိုတာကိုလည်း မသိရှိရသေးဘူးလို့ ဝန်ကြီးက ဆိုပါတယ်။
ခိုးယူခံရတဲ့ အချက်အလက်တွေထဲမှာ ဝန်ကြီးအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေ၊ ဝန်ကြီးဌာနတွေနဲ့ နိုင်ငံပိုင် အဖွဲ့အစည်းတွေအကြား အပြန်အလှန်ပေးပို့ထားတဲ့ အစီရင်ခံစာတွေနဲ့ ဆက်သွယ်ရေး စာရွက်စာတမ်းတွေအစ အစိုးရလုပ်ငန်းဆောင်တာ နယ်ပယ်အားလုံးနီးပါး ပါဝင်နေပါတယ်။
ရှိနှင့်ပြီးသား လုံခြုံရေးအစီအမံတွေဟာ တသားတည်း ပေါင်းစပ်ထားတဲ့ စနစ်တခုအဖြစ် အလုပ် မလုပ်နိုင်ခဲ့တာကြောင့် ဝန်ကြီးအဆက်ဆက်နဲ့ အစိုးရအဆက်ဆက် လက်ထက်တိုင်အောင် နှစ်ပေါင်းများစွာ သတိမထားမိဘဲ ရှိနေခဲ့တာဖြစ်ကြောင်း ဗာစီလေဗ့်က ရှင်းပြပါတယ်။
အဲဒီဖြစ်ရပ်ကို ဘူလ်ဂေးရီးယားနိုင်ငံက ဆိုက်ဘာလုံခြုံရေး စောင့်ကြည့်စနစ်အသစ်တခုကို တပ်ဆင် အသုံးပြုခဲ့ပြီးနောက် သြဂုတ်လမှာ သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို ထောက်လှမ်း မိခဲ့ရာကနေ စတင် ဖော်ထုတ်နိုင်ခဲ့တာပါ။
အဲဒါကြောင့် ထောက်လှမ်းရေးအေဂျင်စီတွေ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့၊ ဆိုက်ဘာ လုံခြုံရေးကျွမ်းကျင်သူတွေနဲ့ ဥရောပသမဂ္ဂ ဆိုက်ဘာလုံခြုံရေး အေဂျင်စီ (ENISA) အပါအဝင် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးလုပ်ဆောင်ခဲ့ပါတယ်။
လက်ရှိမှာတော့ တာဝန်ရှိသူတွေအနေနဲ့ ထိခိုက်ခံရတဲ့ စနစ်တွေကို သီးခြားခွဲထုတ်လိုက်ပြီဖြစ်ပြီး ဟက်ကာတွေ ဝင်ရောက်ခွင့်မရှိအောင် ဖြတ်တောက်ကာ အန္တရာယ်ရှိတဲ့ ဆော့ဖ်ဝဲလ်တွေကို ဖယ်ရှား ရှင်းလင်းပြီးပြီလို့ ဝန်ကြီး ဗာစီလေဗ့်က ပြောပါတယ်။
ဒါ့အပြင် အဲဒီလို ထိုးဖောက်ခံရတာကို မသိလိုက်ဘဲ ရှိနေခဲ့တဲ့ ကာလအတွင်း နိုင်ငံတော် အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပေါ့ဆပျက်ကွက်မှုတွေကို စုံစမ်းစစ်ဆေး ဖို့အတွက် တရားလိုရှေ့နေတွေဆီကိုလည်း အကြောင်းကြားထားပြီးပြီလို့ ဆိုပါတယ်။
Source: Reuters











