DVB Logo
Home
နိုင်ငံတကာ
မြောက်ကိုရီးယားဟက်ကာတွေ ကမ္ဘာ့အကြီးဆုံး ခရစ်ပတို ဖောက်ထွင်းမှု ဘယ်လို ကျူးလွန်ခဲ့သလဲ
DVB
·
November 2, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ကမ္ဘာ့အကြီးဆုံး ခရစ်ပတိုငွေကြေးကုမ္ပဏီ Binance ကနေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံ ခိုးယူခဲ့တဲ့ မြောက်ကိုရီးယားဟက်ကာတွေဟာ ဘယ်သူတွေလဲ၊ ဒီလို အကြီးမားဆုံး ငွေကြေးခိုးယူမှုကို ဘယ်လိုလုပ်ခဲ့ကြတာလဲ။

ဒီတိုက်ခိုက်မှုဟာ TraderTraitor လို့ခေါ်တဲ့ မြောက်ကိုရီးယားဟက်ကာအဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ FBI က အောက်တိုဘာ ၃၁ ရက်မှာ အတည်ပြုခဲ့ပြီး TRM Labs နဲ့ Chainalysis ကုမ္ပဏီနှစ်ခုကလည်း အလားတူ သုံးသပ်ထားပါတယ်။

Lazarus Group လို့လည်း လူသိများတဲ့ ဒီဟက်ကာအဖွဲ့ဟာ ၂၀၂၅ ခုနှစ်မှာ Bybit ခရစ်ပတိုကုမ္ပဏီကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ခိုးယူမှုမှာလည်း ပါဝင်ခဲ့တယ်လို့ FBI က ပြောထားပါတယ်။

မြောက်ကိုရီးယားဟက်ကာတွေဟာ ၂၀၁၄ ခုနှစ်က ခေါင်းဆောင် ကင်မ်ဂျုံအန်းကို လုပ်ကြံဖို့ ကြံစည်တဲ့ ဇာတ်လမ်းပါဝင်တဲ့ The Interview ရုပ်ရှင်ကို ထုတ်လုပ်ခဲ့တဲ့ Sony Pictures ကုမ္ပဏီကိုလည်း ဆိုက်ဘာတိုက်ခိုက်ခဲ့ပါတယ်။

အင်တာနက်အသုံးပြုခွင့် အင်မတန် ကန့်သတ်ထားတဲ့ မြောက်ကိုရီးယားမှာ အစိုးရက ထူးချွန်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို ရွေးချယ်ပြီး ထောက်လှမ်းရေးဌာနလက်အောက်က ဟက်ကာအဖွဲ့တွေမှာ လေ့ကျင့်ပေးနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံခြားငွေရှာဖွေဖို့ ဒီလို ဆိုက်ဘာရာဇဝတ်မှုတွေကို အသုံးချနေတယ်လို့ ကျွမ်းကျင်သူတွေက စွပ်စွဲထားပေမဲ့ ပြုံယမ်းအစိုးရကတော့ ငြင်းဆိုထားပါတယ်။

အခု Binance တိုက်ခိုက်မှုမှာတော့ အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ Hot Wallet လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်တွေရဲ့ ငွေလွှဲခွင့် အတည်ပြုစနစ်ကို ဟက်ကာတွေက ထိန်းချုပ်နိုင်ခဲ့တယ်လို့ စုံစမ်းရေးကုမ္ပဏီ TRM Labs က ယူဆထားပါတယ်။

ဟက်ကာတွေဟာ Blockchain ကွန်ရက် ၁၀ ခုကနေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံကျော်ကို မိနစ် ၂၀ လောက်နဲ့ ခိုးယူခဲ့ပေမဲ့ Binance ရဲ့ စနစ်ထဲကို အစက ဘယ်လိုဝင်ရောက်ခဲ့သလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

ခိုးယူထားတဲ့ငွေတွေကို Ethereum ခရစ်ပတိုငွေကြေးအဖြစ် ပြောင်းလဲနေပြီး နောက်ထပ် ငွေကြေးခဝါချမှုတွေ လုပ်ဆောင်နိုင်တယ်လို့ FBI က သတိပေးထားပါတယ်။

TRM Labs ရဲ့ စာရင်းတွေအရ မြောက်ကိုရီးယားနဲ့ ဆက်စပ်တဲ့ ဟက်ကာတွေဟာ ၂၀၁၇ ခုနှစ်ကစပြီး ခရစ်ပတိုငွေကြေး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၈ ဘီလီယံခန့် ခိုးယူထားပြီး အဲဒီထဲက ၇ ဒသမ ၄ ဘီလီယံကို ၂၀၂၆ ခုနှစ် တနှစ်တည်းမှာ ခိုးယူခဲ့တာ ဖြစ်ပါတယ်။

Binance ကတော့ ဆုံးရှုံးသွားတဲ့ငွေကြေးရဲ့ ၉၅ ရာခိုင်နှုန်းကို ကိုယ်ပိုင်ရန်ပုံငွေနဲ့ ပြန်လည်ဖြည့်ဆည်းထားပြီး “ဆုံးရှုံးမှုကို သုံးစွဲသူတွေ မဟုတ်ဘဲ Binance ကပဲ တာဝန်ယူမယ်” လို့ ကတိပြုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013