ဘူလ်ဂေးရီးယားတွင် ကားအစီး ၅၀ နီးပါး ဆင့်တိုက်မိ၊ ၁၁ ဦးသေဆုံးပြီး ၅၀ ဒဏ်ရာရ

ဘူလ်ဂေးရီးယားနိုင်ငံအရှေ့ပိုင်းမှာ နိုဝင်ဘာ ၁၀ ရက်က မြူတွေ အရမ်းထူနေခဲ့တာကြောင့် မြို့တော်ဆိုဖီယာနဲ့ အရှေ့ပိုင်းမြို့ ဘားဂတ်စ်ကို ဆက်သွယ်ထားတဲ့ A1 အဝေးပြေးလမ်းမကြီးရဲ့ လမ်းနှစ်ဖက်စလုံးမှာ ကားအစီးပေါင်းများစွာ ဆင့်တိုက်မိပြီး အနည်းဆုံး လူ ၁၁ ယောက် သေဆုံး သွားခဲ့တယ်လို့ ဝန်ကြီးချုပ် ရူမင် ရာဒက်ဗ်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
A1 အဝေးပြေးလမ်းမကြီးရဲ့ ယမ်ဘိုးလ်ဒေသအပိုင်းမှာ မြူတွေ အရမ်းထူနေလို့ ဘားဂတ်စ်မြို့ဘက် ထွက်တဲ့ လမ်းဘေးမှာ ဘတ်စ်ကားတစီးနဲ့ ကုန်ကားတစီး စတင်တိုက်မိရာကနေ ကားအစီး ၅၀ နီးပါး ဆင့်တိုက်မိတဲ့အထိ ဖြစ်သွားတာလို့ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအတွင်းရေးမှူး လျူဘိုမီယာ နီကိုလော့ဗ်က ပြောပါတယ်။
ဒေသတွင်း မီဒီယာတွေနဲ့ ဒရုန်းရုပ်သံ မှတ်တမ်းတွေမှာတော့ လမ်း ၆ လိုင်းစလုံးမှာ ကားတွေ၊ ကုန်ကားတွေ မီးလောင်ကြေမွတာ၊ မှောက်ခုံဖြစ်တာနဲ့ လမ်းဘေးရောက်သွားတာတွေနဲ့ ပရမ်းပတာ ဖြစ်နေတာကို တွေ့ရပါတယ်။
အခင်းဖြစ်ဖြစ်ချင်း ရဲ၊ မီးသတ်နဲ့ လူနာတင်ယာဉ်အဖွဲ့တွေ ချက်ချင်းရောက်လာကြပြီး မီးလောင် နေတဲ့ ကားတွေထဲက လူတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့ကြရတာပါ။
ကားထဲ ပိတ်မိနေသူတွေ ရှိနေသေးတယ်လို့ ယမ်ဘိုးလ် ဒေသဆိုင်ရာ ရဲမှူးကြီး တိုဒေါ မီရှီနက်ဗ်က ပြောပါတယ်။
အခုဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ ၅၀ ကို ဆေးရုံပို့ပေးထားပြီး အဲဒီထဲက ၂၇ ယောက်ကိုတော့ ဒေသတွင်း ဆေးရုံတွေကို ပို့ထားတယ်လို့ BTA သတင်းအေဂျင်စီက ဖော်ပြပါတယ်။
ဘူလ်ဂေးရီးယားနိုင်ငံကို ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် ရောက်ရှိနေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားတဲ့ ဒီမတော်တဆမှုကို “ဝမ်းနည်းဖွယ် အဖြစ်ဆိုး” လို့ ဝန်ကြီးချုပ် ရာဒက်ဗ်က ပြောပါတယ်။
ဝန်ကြီးချုပ်က ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့ စစ်ဘက်ဆိုင်ရာ လေယာဉ်တွေ စေလွှတ်ထားပြီး သူကိုယ်တိုင်လည်း အခင်းဖြစ်နေရာကို သွားမယ်လို့ ပြောပါတယ်။
ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလေယန်ကလည်း အနက်ရှိုင်းဆုံး ဝမ်းနည်းကြောင်းနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေကို လေးစားကြောင်း ပြောကြားခဲ့ပြီး သူ့ရဲ့ခရီးစဉ်ကို လျှော့ချကာ စောစော ပြန်သွားခဲ့ပါတယ်။
Source:Reuters











