ယီမင်မြို့တော်ကို ဒရုန်းတိုက်ခိုက်ခံရပြီး လူ ၁၅ ဦး ဒဏ်ရာရ
ယီမင်နိုင်ငံရဲ့ မြို့တော်ဆာနာရှိ တာရီယာခရိုင်၊ ဘီယာအဘူရှမ်လာရပ်ကွက်မှာ နိုဝင်ဘာ ၂၈ ရက်က ဒရုန်းနဲ့ တိုက်ခိုက်ခံလို့ အမျိုးသမီး ၂ ယောက်အပါအဝင် လူ ၁၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဟူသီအဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒရုန်းက ဘယ်နေရာက လာတယ်ဆိုတာကို ချက်ချင်း မသိရသေးပါဘူး။ ဒီတိုက်ခိုက်မှုက ဆော်ဒီအာရေဗျရဲ့ လေကြောင်းတိုက်ခိုက်မှုတခုဖြစ်တယ်လို့ ဟူသီအဖွဲ့ပိုင် မီဒီယာတွေက သတင်းထုတ်ပြန်ထားပါတယ်။
ဒုတိယဒရုန်းက ဘီယာ အဘူရှမ်လာကို မထိမီ အနီးနားရှိ ရပ်ကွက်တခုကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆာနာမြို့ခံတယောက်က ပြောပါတယ်။
လူတွေကို ရှေးဦးသူနာပြုစုမှု ပေးနေချိန်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အသေအပျောက် ၁၅ ယောက်ကနေ ၁၆ ယောက်အထိ ရှိခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ဒရုန်း ၃ စင်းက မနက် ၂ နာရီလောက်မှာ နေအိမ်တွေကို တိုက်ခိုက်ခဲ့ပြီး လူနေအဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ တခြားဒေသခံတယောက်က ပြောပါတယ်။
ဟူသီတွေက ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့တော်ရှိ ဘုရင်ခါလစ်လေဆိပ်၊ ဂျာဇံရေနံချက်စက်ရုံနဲ့ ဓာတ်အားပေးစက်ရုံ ၂ ရုံတို့ကို လွန်ခဲ့တဲ့ ၄၈ နာရီက တိုက်ခိုက်ခဲ့တယ်လို့ နိုဝင်ဘာ ၂၈ ရက်က ပြောခဲ့ပါတယ်။
ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ဒီတိုက်ခိုက်မှုတွေအတွက် ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။
အီရန်နဲ့ မဟာမိတ်ဟူသီအဖွဲ့နဲ့ ဆော်ဒီအာရေဗျတို့အကြား ပဋိပက္ခတွေ ပြန်ပြင်းထန်လာချိန်မှာ၊ ဆော်ဒီအာရေဗျရဲ့ အခြေခံအဆောက်အအုံတွေ၊ အထူးသဖြင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေပေါ် ဟူသီတို့ရဲ့ တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာနေပါတယ်။
Source: Reuters











