DVB Logo
Home
မြန်မာသတင်း
အဓမ္မစစ်သားစုဆောင်းမှု ပိုမိုပြင်းထန်လာသည့်အပေါ် ရှုတ်ချ၊ မျိုးဆက်တခုကို ခိုးယူနေခြင်းဖြစ်ဟု APHR ပြော 
DVB
·
May 26, 2026
Photo: MOI
Photo: MOI
Donate to DVB

မြန်မာစစ်အာဏာရှင်က ပြည်သူတွေအပေါ် ဖမ်းဆီးပြန်ပေးဆွဲတာ၊ အဓမ္မစစ်သားစုဆောင်းတာ စတဲ့ လုပ်ရပ်တွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာတဲ့အပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) က ပြစ်တင်ရှုတ်ချလိုက်ပြီး ဒါက မျိုးဆက်တခုကို ခိုးယူနေတာ ဖြစ်တယ်လို့ မေ ၂၅ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ကာ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် စတင်ကျင့်သုံးခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ လူပေါင်း ၁၂၀,၀၀၀ နီးပါး အဓမ္မစုဆောင်းခဲ့တယ်လို့ အစီရင်ခံစာတွေကို ကိုးကားပြီး ဖော်ပြပါတယ်။

အင်ဒိုနီးရှား ပြည်သူ့လွှတ်တော်အမတ်နဲ့ APHR  ဥက္ကဋ္ဌဖြစ်သူ မာစီ ခရစ္စတီ ဘာရန်းစ်က “မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ သူတို့ရဲ့အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အသည်းအသန် ကြိုးပမ်းတဲ့နေရာမှာ မြန်မာနိုင်ငံရဲ့ မျိုးဆက်တခုလုံးကို ခိုးယူနေကြတာ ဖြစ်ပါတယ်။ သူတို့ဟာ လူငယ်မောင်မယ်တွေရဲ့ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့်တွေကို ရိုက်ချိုး ဖျက်ဆီးနေကြတာပါ။ ဒါဟာ နိုင်ငံတကာဥပဒေတွေကို ဗြောင်ကျကျ ချိုးဖောက်နေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မေ ၁၈ ရက်က စစ်အာဏာရှင်ခန့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်က ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ အနေနဲ့ စစ်မှုထမ်းရမဲ့သူတွေ စာရင်းကို ပြုစုဖို့ လူဝင်မှုကြီးကြပ်ရေးရုံးတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ အမိန့်ပေးခဲ့ပါတယ်။

အဲဒီစာရင်းတွထဲ စစ်မှုထမ်း အကျုံးဝင်သူ လူဦးရေ ၁၃ သန်းနီးပါးအထိ ရှိလာနိုင်ကာ စနစ်တကျ တိုးချဲ့လုပ်ဆောင်လာမဲ့ လက္ခဏာတရပ် ဖြစ်နေတယ်လို့လည်း APHR က ထောက်ပြထားပါတယ်။

၂၀၂၄ ခုနှစ်ကတည်းက လူငယ်တွေဟာ အလုပ်ကအိမ်အပြန် လမ်းလျှောက်နေချိန်အတွင်း ဖမ်းဆီးပြန်ပေးဆွဲခံရတာ၊ ဒါမှမဟုတ် နေအိမ်တွေကနေ အဓမ္မ ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေ ခံခဲ့ကြရပြီး မိသားစုပါ စိတ်ဒဏ်ရာတွေ ရရှိကာ လူမှုအသိုက်အဝန်းတွေပါ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

တပ်ပြေးတွေနဲ့ အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူတွေရဲ့ ထွက်ဆိုချက်တွေအရ စစ်မှုထမ်း အသစ်တွေဟာ လုံလောက်တဲ့ စစ်သင်တန်းကောင်းကောင်း မရရှိဘဲ တိုက်ပွဲပြင်းထန်နေတဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေဆီ တိုက်ရိုက်စေလွှတ်ခံရကာ အသေခံအဖြစ်နဲ့ လူသားဒိုင်တွေအဖြစ် အသုံးပြုခံနေရကြောင်းနဲ့ တိုက်ပွဲအတွင်း နောက်ဆုတ်ပြေးတဲ့ စစ်မှုထမ်းအသစ်တွေကိုလည်း စစ်တပ်အရာရှိတွေက ပစ်သတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာလည်း မြန်မာစစ်တပ်ဟာ အသက် ၁၂ နှစ်အရွယ်အထိ ငယ်ရွယ်တဲ့ ကလေးသူငယ်တွေကို စစ်မြေပြင်ဆီ အတင်းအကျပ် ဝင်ခိုင်းတာတွေ အပါအဝင် ကလေးသူငယ်တွေအပေါ် ကြီးလေးတဲ့ ချိုးဖောက်မှုပေါင်း ၂,၁၃၈ ခုထိ ကျူးလွန်ခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

အိမ်နီးချင်းနိုင်ငံတွေကလည်း ဒီအကျပ်အတည်းကို ပိုမိုဆိုးရွားစေသလို ထိုင်းနိုင်ငံက မြန်မာနိုင်ငံသား ၃,၅၀၀ ကျော်ကို အဓမ္မပြန်လည်နှင်ထုတ်ခဲ့ပြီး အဲဒီထဲက တချို့ဟာ အဓမ္မ စစ်သားစုဆောင်းခံခဲ့ရကြောင်း သတင်းတွေ ထွက်ပေါ်နေတာကြောင့် နိုင်ငံတကာဥပဒေအရ အဓမ္မ နေရပ်ပြန်ပို့တာနဲ့ လူကုန်ကူးမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို မြင့်တက်စေတယ်လို့ APHR က ဆိုပါတယ်။

မလေးရှားနိုင်ငံ လွှတ်တော်အမတ်နဲ့ APHR ဘုတ်အဖွဲ့ဝင် ဝေါင်ချန်းက “စစ်အာဏာရှင်က အရပ်သားတွေကို ဖမ်းဆီးပြီး တိုက်ပွဲဝင်ဖို့ အတင်းအကျပ် စေခိုင်းနေတာကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မျက်ကွယ်ပြုမထားနိုင်တော့ပါဘူး။ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပူးပေါင်းပြီး အခြေခံမူအပေါ် အခြေခံတဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ရပါမယ်။ စစ်အာဏာရှင်ကို ပြစ်တင်ရှုတ်ချပြီး တာဝန်ခံမှုရှိစေရမှာဖြစ်သလို စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရသူ အားလုံးကို ဘေးကင်းစွာ လွှတ်ပေးဖို့နဲ့ သူတို့ရဲ့ မိသားစုတွေဆီ သဘောဆန္ဒအလျောက် ပြန်လည် ရောက်ရှိနိုင်ရေးကို အာမခံရပါမယ်” လို့ ပြောပါတယ်။

APHR အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေအားလုံး မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒဏ် ပေးနေတာတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေး တိမ်းရှောင်လာတဲ့ လူငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံပေးတဲ့ အဓမ္မ နေရပ်မပြန်ပို့ရေးမူကို လိုက်နာစောင့်ထိန်းဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် APHR အနေနဲ့ အကြမ်းဖက်အာဏာရှင်စနစ်နဲ့ ဖိနှိပ်ချုပ်ချယ်မှုဒဏ်ကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက မိသားစုတွေ၊ လူမှုအသိုက်အဝန်းနဲ့အတူ တသားတည်း ရပ်တည်နေပြီး မြန်မာ့လူငယ်မျိုးဆက်သစ်တွေအပေါ် ပိုမိုပြင်းထန်လာတဲ့ တိုက်ခိုက်မှုတွေကို တားဆီးနိုင်ဖို့အတွက် အာဆီယံနဲ့ နိုင်ငံတကာအနေနဲ့ အရေးပေါ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013