
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ အာရက္ခတပ်တော် (AA) ရေပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ပြီး ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ယောက်ကို AA က ဖမ်းမိထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အာရက္ခရေပိုင်နက်အတွင်းထိ တရားမဝင် လာရောက်ကျူးကျော် ငါးခိုးဖမ်းတဲ့ ငါးဖမ်းစက်လှေ ၂ စင်းပေါ်က ငါးဖမ်းသမား ၇ ယောက်ကို အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့က မနေ့ ဧပြီ ၃၀ ရက်မှာ ဖမ်းမိခဲ့တာလို့ မောင်တောမြို့နယ်က AA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်ဘက်က အမြဲတမ်းလိုလို ရခိုင်ပြည်ဘက်က ရေပိုင်နက်ထဲကို ခိုးဝင်ပြီး ငါးဖမ်းသူတွေ ရှိတယ်။ သူတို့ဘက်ခြမ်းထက် ကျော်ပြီး ကျူးကျော်လာလို့ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးတာဖြစ်တယ်။ မနေ့ကထိ ဖမ်းမိတာ စက်လှေ ၂ စီး၊ လူ ၇ ယောက်။”
အဲဒီ စက်လှေ ၂ စီးအပြင် နောက်ထပ် ငါးခိုးဖမ်းတဲ့ စက်လှေတချို့ ထွက်ပြေး လွတ်မြောက် သွားတယ်လို့လည်း မောင်တောဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“မနေ့ကဆိုရင် အာရက္ခပိုင် ကမ်းစပ်အတွင်းမှာ ငါးခိုးဖမ်းတဲ့ ဘုတ် ၁၀ စင်းလောက် ရှိတယ်။ သိပ်မကွာ မဝေးတဲ့ နေရာတွေမှာ ဖမ်းနေကြတာ။ ပထမ ၂ စင်းကို ဖမ်းမိပြီး ကျန်တဲ့စက်လှေတွေကို ဖမ်းဖို့သွားတာကို သိသွားလို့ သူတို့ရေပိုင်နက်ထဲကို ထွက်ပြေးသွားကြတယ်။”
ဖမ်းဆီးရမိထားတဲ့ ငါးဖမ်းဘုတ် ၂ စင်းနဲ့အတူ ငါးခိုးဖမ်းသမား ၇ ယောက်ကို တရားဥပဒေ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ စစ်ဆေးနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခြားထားတဲ့ နတ်မြစ်ဟာ ဒေသခံတွေ အသက်မွေးဝမ်းကျောင်း အတွက် အဓိကအားထားရတဲ့မြစ် ဖြစ်ပါတယ်။
အခုလို တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ရခိုင်ပြည်ဘက်ကို ကျူးကျော်ပြီး တရားမဝင် ငါးခိုးဖမ်းမှုတွေဟာ နေ့စဉ်လိုလိုရှိနေပြီး အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင် တွေကလည်း ငါးခိုးဖမ်းသူတွေကို မကြာခဏ ဖမ်းဆီးကာ ဥပဒေအရ အရေးယူ ဆောင်ရွက်နေပေမဲ့ ခိုးဖမ်းတဲ့သူတွေ ဆက်လက်ရှိနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။










