
ရခိုင်ပြည်နယ်မှာ လယ်သမားတွေ မနစ်နာစေဖို့ စပါးတတောင်းကို ၅၅ ဘူးနဲ့သာ ရောင်းဝယ် ရမယ်လို့ အာရက္ခတပ်တော် (AA) က တရားဝင် သတ်မှတ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်အတွင်း စပါးဝယ်ယူရောင်းချမှုတွေမှာ စပါးတတောင်းမှာ ၉ ကီလိုဂရမ် ဒါမှမဟုတ် နို့ဆီဘူး ၅၅ ဘူးထက် မပိုတဲ့ အတိုင်းအတာနဲ့ တပြေးညီ ချိန်တွယ်ရောင်းဝယ်ကြဖို့ ULA/AA ရဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တရားဝင်သတ်မှတ်လိုက်တာလို့ မြောက်ဦးမြို့နယ်က ULA/AA နဲ့ နီးစပ်တဲ့ အမျိုးသားတယောက်က ပြောပါတယ်။
“အခုလို သတ်မှတ်လိုက်တာက လယ်သမားတွေ မနစ်နာစေဖို့ပါ။ စပါးတတောင်းမှာ လယ်သမား တွေနဲ့ စပါးဝယ်သူတွေအကြား နားလည်မှုနဲ့ အများဆုံး ၅၂ ဘူး၊ ၅၆ ဘူးထိ ရောင်းဝယ်ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ စပါးဝယ်သူတွေက တတောင်းမှာ ၆၅ ဘူးအထိ ဝယ်လာကြတော့ လယ်သမားတွေ အများကြီးနစ်နာတယ်။ ဒါကြောင့် အခု တတောင်းမှာ ၅၅ ဘူး သတ်မှတ် လိုက်တာဖြစ်တယ်။ ဒီထက်မပိုရဘူး။ ပိုရင် အရေးယူမှာပါ။”
အခုလို သတ်မှတ်ပေးတာကြောင့် လယ်သမားတွေအတွက် ဝမ်းသာစရာသတင်းကောင်းဖြစ်ပြီး စပါးကုန်သည်တွေအနေနဲ့ သတ်မှတ်ထားတဲ့အတိုင်း လိုက်နာကျင့်သုံးကြဖို့ လိုအပ်တယ်လို့ မင်းပြား ဖလောင်းပြင်ရွာမှ လယ်သမားတယောက်က ပြောပါတယ်။
“ခုလို တပ်တော်ဘက်က တရားဝင် သတ်မှတ်ပေးလိုက်တာ ကောင်းတယ်။ စပါးဝယ်တဲ့ သူတွေကလည်း သတ်မှတ်ထားတဲ့အတိုင်း လိုက်နာဖို့လိုတယ်။ လယ်သမားတွေက လယ်ယာကို ချမ်းသာဖို့ စိုက်ကြတာ မဟုတ်ဘူး။ ဝမ်းစာဖူရုံလောက်ပဲ စိုက်ကြတာ။ ဒီကြားထဲ ဗုံးလာကြဲလို့ စပါးခင်း ပျက်စီးတာတွေ ရှိသေးတယ်။”
အရင်က ရခိုင်ပြည်ထဲက ခရိုင်တခုနဲ့တခုမှာ စပါးအမျိုးအစားအလိုက် တတောင်းကို နို့ဆီဘူး အရေအတွက် မတူညီဘဲ ချိန်တွယ်ရောင်းဝယ်နေကြတာ ဖြစ်ပါတယ်။
အဲဒီလို မတူညီတာတွေကြောင့် စပါးရောင်းဝယ်ရာမှာ အခေါ်အဝေါ်တွေ မတူတာ၊ ဈေးနှုန်းတွေ အပြောင်းအလဲမြန်တာ စတဲ့အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
ဒါကြောင့် ဒီအခက်အခဲတွေကို ဖြေရှင်းဖို့၊ စပါးရောင်းဝယ်မှုမှာ စံနှုန်းတခုတည်း သတ်မှတ်နိုင်ဖို့နဲ့ လယ်သမားတွေ မိမိတို့ ရသင့်ရထိုက်တဲ့ အကျိုးအမြတ်ကို ရရှိစေပြီး နစ်နာမှုတွေ အနည်းဆုံး ဖြစ်စေဖို့ ရည်ရွယ်ပြီး အခုလို သတ်မှတ်ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။
အရင်က စပါးတတောင်းကို နို့ဆီဘူး ၅၂ ဘူးကနေ ၅၄ ဘူးဝင် တောင်းတွေနဲ့ ရောင်းချခဲ့ရပေမဲ့ နောက်ပိုင်းမှာ စပါးကုန်သည်တွေဟာ စပါးတတောင်းကို နို့ဆီဘူး ၆၀ ကနေ ၆၅ ဘူးဝင် တောင်း တွေနဲ့ လယ်သမားတွေထံကနေ ဝယ်ယူကြတာကြောင့် လယ်သမားတွေမှာ ဆုံးရှုံးနစ်နာမှု တွေ ရှိခဲ့တယ်လို့ လယ်သမားတွေဆီကနေ သိရပါတယ်။











