
ထိုင်းနိုင်ငံမှာ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ စုပေါင်းပြီး ၃ လအတွင်း အမြစ်ပြတ်နှိမ်နင်းဖို့၊ အထူးသဖြင့် နိုင်ငံခြားသားတွေ စုဝေးနေထိုင်တဲ့ နေရာတိုင်းကို ဦးတည်စစ်ဆေးနှိမ်နင်းဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က အရေးပေါ် ညွှန်ကြားလိုက်ကြောင်း ထိုင်းသ တင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ကစ်သီရတ် ဖန်းဖိတ်က နိုင်ငံတကာဖြတ်ကျော်ရာဇဝတ်မှုတွေ ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးကို ထိပါးမှုကာကွယ်ရေး၊ ထိုင်းပြည်သူတို့ရဲ့ နေထိုင်မှုဘဝ ထိခိုက်မှုတွေ ကာကွယ်ရေးအတွက် ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ တရားဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေ၊ နိုင်ငံထဲကို တရားမဝင် ဝင်ရောက်နေထိုင်မှုတွေ၊ ထိုင်းနိုင်ငံကို ကြားခံမြေအဖြစ် အသုံးချပြီး ရာဇဝတ်မှုကျူးလွန်တာတွေ၊ အလုပ်သမားဥပဒေ ချိုးဖောက်တာ၊ ထိုင်း အမည်ခံပြီး ဥပဒေနဲ့မညီတဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်တာတွေကို စီမံချက် ၃ ရပ်နဲ့ ချမှတ်နှိမ်နင်းဖို့ ညွှန်ကြားထားကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲချုပ် သရိုင်းရုန်း ဖျူဖန်းက မေ ၁၂ ရက်မှာ ထုတ်ပြန်ပြောပါတယ်။
အဆိုပါစီမံချက် ၃ ရပ်မှာ ပထမ ၃ လတွင်း “စုပေါင်း စစ်ဆေးနှိမ်နင်းခြင်း”၊ ဒုတိယ အလယ်အလတ် ၆ လ မှ ၉ လအတွင်း “အမြစ်ကို တူးဆွ နုတ်ပစ်ခြင်း”၊ တတိယ ရေရှည်စီမံချက် ၁ နှစ်မှ ၂ နှစ်တာ ကာလတွင်း “ဒေတာဘေ့စ်ဖွင့်ပြီး နိုင်ငံခြားသားတွေရဲ့ အချက်အလက်တွေ စုစည်းစိစစ်ခြင်း” စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ပထမ ၃ လ စီမံချက်အရ ဒေသတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေ စုပေါင်းပြီး အခြေခံအချက်အလက် စုဆောင်းဖို့၊ နိုင်ငံခြားသား ရွှေ့ပြောင်းနေထိုင်သူတွေ စုစည်းနေထိုင်ရာ နေရာတွေကို ဝင်ရောက်စစ်ဆေးပြီး မူးယစ်ဆေးဝါး ရောင်းဝယ်တာ၊ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာ၊ အကောက်ခွန်ဥပဒေ၊ နည်းပညာဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာ၊ လူမှုအသိုင်းအဝန်းအတွက် အန္တရာယ်ရှိ လူဆိုးတွေ၊ တရားမဝင် ဝင်ရောက်တာနဲ့ ပွဲစားကွန်ရက်တွေ၊ လူကုန်ကူးမှု၊ တခြားနိုင်ငံတွေကို ထပ်ဆင့်ပို့ဆောင်မှု စတဲ့ ပြစ်မှုတွေ နှိမ်နင်းဖို့၊ ကြိုတင်ကာကွယ်ခြင်းနဲ့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်ရလေအောင် ဥပဒေနဲ့ တင်းကျပ်စွာ ကိုင်တွယ်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ နိုင်ငံကျော်ဖြတ်ရာဇဝတ်မှုနဲ့ တရားမဝင် ဝင်ရောက်မှုနှိမ်နင်းရေး ဗဟိုဌာနအနေနဲ့ (Joint Task Force) လို့ ခေါ်တဲ့ အထူးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးနှိမ်နင်းဖို့၊ အရင်ဆုံးနှိမ်နင်းရမဲ့ နေရာကို သတ်မှတ် ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ် ။
ဒုတိယစီမံချက်မှာ ၆ လမှ ၉ လအတွင်း လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ နဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး နိုင်ငံခြားသား/ရွှေ့ပြောင်းတွေရဲ့ အချက်အလက်တွေကို ကောက်ယူစစ်ဆေးဖို့၊ သက်သေခံအထောက်အထား၊ နေထိုင်ခွင့်ဗီဇာနဲ့ လုပ်ငန်းဆိုင်ရာ အချက်အလက် မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးဖို့၊ မှန်ကန်မှုမရှိက ဗီဇာပြန်လည်ရုပ်သိမ်းဖို့၊ ဥပဒေချိုးဖောက်နိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့၊ ပြစ်မှုတခုရဲ့ နောက်ဆက်တွဲကို ဆက်လက်စုံစမ်းစစ်ဆေးပြီး “အရင်းအမြစ်ကို တူးဆွရှာဖွေ နုတ်ပစ်ဖို့” စတဲ့အချက်တွေ ပါဝင်တယ်။
ဒါ့အပြင် ဥပဒေချိုးဖောက်မှုမှာ ပါဝင်ပတ်သက်တဲ့ အစိုးရ၊ ဌာနဆိုင်ရာဝန်ထမ်းတွေကိုလည်း စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ အရေးယူ အပြစ်ပေးရမယ်လို့ ဆိုပါတယ်။
တတိယ ရေရှည်စီမံချက်မှာ ၁ နှစ်မှ ၂ နှစ်တာကာလအတွင်း နိုင်ငံခြားသားတွေနဲ့ ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်အားလုံး ဒေတာဘေ့စ်ကို စုစည်းပြီး ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲ့ One Police စနစ်ကနေ အခြားသောဌာနဆိုင်ရာရုံးတွေနဲ့ ချိတ်ဆက်မှု ရှိနေရမယ်၊ နိုင်ငံခြားသား တယောက် ဥပဒေချိုးဖောက်ပါက သူနဲ့ဆိုင်တဲ့ တူညီတဲ့ အချက်အလက်တွေကို ဌာနတိုင်းက ရယူနိုင်မယ်၊ အမှုကို တဖွဲ့နဲ့တဖွဲ့ကြားမှာရော ထိုသူရဲ့ မူရင်းနိုင်ငံ တာဝန်ရှိသူတွေနဲ့ပါ ချိတ်ဆက် ဆောင်ရွက်ရမှာ ဖြစ်တယ်။ မူရင်းနိုင်ငံမှ ပြစ်မှုကျူးလွန်သူတွေ နာမည်ပျက်စာရင်းရှိသူတွေရဲ့ အချက်အလက်ကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ရဲ့ (TDAC) စနစ်နဲ့ စစ်ဆေးပြီး ဝင်ရောက်လာတာနဲ့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်နိုင်မယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းတွေ အားလုံး နိုင်ငံခြားသားတွေရဲ့ ဥပဒေချိုးဖောက်မှုမှာ ပါဝင်ကူညီပတ်သက်ခြင်း လုံးဝမပြုဖို့ ထိုင်းရဲချုပ်ကြီးက တင်းကျပ်စွာ ညွှန်ကြားပါတယ်။
သက်ဆိုင်ရာ အထက်အရာရှိ အကြီးအကဲတွေ၊ ညွန်မှူးတွေအနေနဲ့လည်း မိမိလက်အောက်ခံဝန်ထမ်းတွေကို ထိန်းသိမ်းကြပ်မတ်ဖို့၊ ချိုးဖောက်တာတွေ တွေ့ရှိက ရာဇဝတ်မှုဥပဒေ ကျင့်ဝတ်ဆိုင်ရာ ဥပဒေတွေနဲ့ ချက်ချင်းအရေးယူဖို့လည်း ထိုင်းရဲချုပ်ကြီးက ညွှန်ကြားထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: CH7 HD News










