
ထိုင်းနိုင်ငံ ဘန်ကောက်မှာ တရုတ်အစိုးရက အလိုရှိတဲ့ ဝရမ်းပြေးတွေအပါအဝင် အမည်ခံနဲ့ ကုမ္ပဏီထောင်ပြီး ဘတ်သန်းပေါင်း ၆,၀၀၀ ကျော် တန်ဖိုးရှိ အိမ်ခြံမြေဝယ်ယူပိုင်ဆိုင်ထားတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ အမည်ခံနဲ့ ကုမ္ပဏီလုပ်ငန်းထူထောင်တာ၊ အိမ်ခြံမြေ ဝယ်ယူတာတွေကို စီမံချက်နဲ့ စဉ်ဆက်မပြတ်နှိမ်နင်းနေပြီး တဘက်ကလည်း မိခင်နိုင်ငံမှာ ရာဇဝတ်မှုတွေ ကျူးလွန်ပြီး ထိုင်းမှာ လာရောက်ကိုယ်ယောင်ဖျောက်နေသူတွေကိုလည်း စုံစမ်းဖမ်းဆီးနေပါတယ်။
အောက်တိုဘာ ၁၀ ရက်ကလည်း စစ်ဆင်ရေး အဆင့် ၈ အရ ဘန်ကောက်မြို့ ဘန်းနား၊ ဆရီနတ်ခလင်း၊ ဆွန်လုံနဲ့ ကရုန်းထိပ်ခရီထာ စတဲ့နယ်မြေရှိ တန်ဖိုးကြီးဇိမ်ခံအိမ်ရာ ၄ ခုက နေရာ ၁၇ ခုကို သွားရောက်စစ်ဆေးပြီး သံသယရှိသူ တရုတ်နိုင်ငံသား ၁၀ ယောက်နဲ့ အမေရိကန် နိုင်ငံသား ၁ ယောက်၊ စုစုပေါင်း ၁၁ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဆာမ်ရန်း နွန်းမားက သတင်းထောက်တွေကို ပြောပါတယ်။
ဒီမတိုင်ခင်က ထိုင်းနိုင်ငံသားအမည်ခံ ကုမ္ပဏီတွေကနေ ဘတ်သန်းပေါင်း ၆, ၀၀၀ ကျော် တန်ဖိုးရှိ အိမ်နဲ့မြေရာတွေ ဝယ်ယူပိုင်ဆိုင်ထားတာ စုံစမ်းသိရှိရတာကြောင့် တရားရုံးက ဖမ်းဝရမ်း ၈၆ ခု ထုတ်ပြန်ခဲ့တယ်။ ပစ်မှတ်ထား ဇိမ်ခံအိမ်ရာ ၄ ခုမှာ အမည်ခံကုမ္ပဏီ ၉၅ ခုကနေ ၁၅ ဧကကျော် ကျယ်ဝန်းတဲ့ အိမ်ရာ နဲ့ မြေကွက်ပေါင်း ၉၄ ကွက် ဝယ်ယူထားတယ်လို့ ဆိုပါတယ်။
အဆိုပါဇိမ်ခံအိမ်ရာတွေကို အမည်ခံနဲ့ ဝယ်ယူထားသူတွေထဲမှာ တရုတ်အစိုးရက အလိုရှိနေတဲ့ ဝရမ်းပြေး ၆ ယောက် ပါဝင်ပါတယ်။
အဲဒီထဲက မစ္စတာ လီဇောဝ်းဟာ ၂၀၁၇ ခု နောက်ပိုင်းက တရုတ်ပြည် အူလန်းဟောင်မြို့မှာ လူ ၃ ယောက် သတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံရထားရတယ်၊ သူဟာ မြဝတီနဲ့ ရွှေကုက္ကို အွန်လိုင်း လောင်းကစားလုပ်ငန်းမှာလည်း ပါဝင်ပတ်သက်တယ်၊ ကမ္ဘောဒီးယားနိုင်ငံ ကူးလက်မှတ်ကို ဘတ် ၂ သန်း ၈ သိန်းနဲ့ ဝယ်ယူပြီး ထိုင်းမှာလာနေကာ အိမ်နဲ့မြေရာတွေ ဝယ်ခဲ့တယ်လို့ ဆိုပါတယ်။
မစ္စတာချန်ဟာ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်က တရုတ်ပြည် ဂျဲကျန်းပြည်နယ် လီဆွေမြို့မှာ လိမ်လည်မှုနဲ့ တရားမဝင်နယ်စပ်ဖြတ်ပြီး လူသယ်ဆောင်မှု ကျူးလွန်ခဲ့တယ်၊ ပြည်ပကို ထွက်ပြေးပြီး တူရကီနဲ့ ကမ္ဘောဒီးယား နိုင်ငံကူးလက်မှတ် ဝယ်ယူကိုင်ဆောင်ထားပါတယ်။
မစ္စတာဂျန်ကတော့ တရုတ်ပြည် ဟေးနန်ပြည်နယ် တွန်ကျိုးမြို့မှာ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခဲ့တယ်၊ ပြည်ပကို ထွက်ပြေးပြီး စိန့်ကစ်နဲ့ နီးဗစ် နိုင်ငံကူးလက်မှတ် ဝယ်ယူကိုင်ဆောင် ပါတယ်။
မစ္စတာလျူကတော့ အွန်လိုင်းလိမ်လည်မှုနဲ့ တရုတ်အင်တာပိုရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားသူ ဖြစ်တယ်။ ဘန်ကောက် ရာမ-၉ နဲ့ ဆီရီနတ်ခလင်းနယ်မြေထဲမှာ အိမ်နဲ့မြေကွက်ဝယ်ထားတဲ့ ကုမ္ပဏီရှယ်ယာ ပိုင်ထားပါတယ်။
မစ္စတာဘိုင်းဟာလည်း ဒုစရိုက်လုပ်ငန်း ထူထောင်မှု၊ အွန်လိုင်းလိမ်လည်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတယ်၊ သူဟာလည်း ကရုန်းထိပ် ခရီထာက အိမ်ရာဝယ်ထားတဲ့ ကုမ္ပဏီရှယ်ယာပိုင် ဖြစ်ပါတယ်။
မစ္စတာဟုမ်ကတော့ ထိုင်းမှာ အကောက်ခွန်ရှောင်မှု၊ ဒုစရိုက်အဖွဲ့ ဖွဲ့မှု၊ တရားမဝင်မြေယာပိုင်ဆိုင်မှုနဲ့ ဖရာ့ခနုန် ရာဇဝတ်မှုတရားရုံးက ဖမ်းဝရမ်းထုတ်ထားတယ်။ ဘန်းနားနယ်မြေထဲမှာ အိမ်ရာဝယ်ယူထားတယ်လို့ ဆိုပါတယ်။
သူတို့ ၆ ယောက်လုံးဟာ ရမ်အင်ထရာ၊ ဆဖန်းဆုန်နဲ့ ဘန်ဖရီရှိ ဥပဒေအကြံပေးကုမ္ပဏီတွေရဲ့ လမ်းညွှန်ချက်နဲ့ အိမ်ခြံမြေတွေ ဝယ်ခဲ့တယ်၊ ရာမ - ၉ နဲ့ ဆီရိနတ်ခ လင်းက အိမ် ၃-၄ လုံးကို တလ ဘတ် ၃၅၀,၀၀၀ နဲ့ ပြန်ငှါးစားတယ်၊ တခြားအိမ်တွေကိုတော့ တလ ဘတ် ၅၀,၀၀၀ မှ ၄၀,၀၀၀ ထိ ငှားစားတာကို စစ်ဆေးတွေ့ရှိပါတယ်။
သံသယရှိသူတွေဟာ ထိုင်းနိုင်ငံမှာ စီးပွားရေးလာလုပ်တာမဟုတ်ဘဲ ခိုလှုံဖို့နဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းတဲ့နေရာအဖြစ်ပဲ အသုံးပြုတာလို့ ထိုင်းရဲချုပ်က ထပ်လောင်းပြောဆိုပါတယ်။
တာဝန်ရှိသူတွေဟာ သူတို့ပိုင်ဆိုင်တဲ့ နေအိမ် ၉၄ လုံးကို သိမ်းဆည်းခဲ့တယ်၊ ထိုင်းဥပဒေအရ နိုင်ငံခြားသားတွေဟာ အိမ်ခြံမြေတွေ ဝယ်ယူခွင့်မရှိတာကြောင့် ထိုင်းနိုင်ငံသား ၅၁ ရာနှုန်းနဲ့ နိုင်ငံခြားသား ၄၉ ရာနှုန်းပါ ကုမ္ပဏီတွေ ထူထောင်ပြီး ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။
ထိုင်းအမျိုးသားရဲတပ်ဖွဲ့ဟာ နိုင်ငံတဝန်း အမည်ခံအိမ်ဝယ်တာကို နှိမ်နင်းရေး စစ်ဆင်ရေး အဆင့် ၇ ထိ ဆောင်ရွက်ခဲ့တာမှာ ကုမ္ပဏီ ၂၉၇ ခုကို စစ်ဆေးပြီး ဘတ်သန်းပေါင်း ၃,၀၃၉ သန်းကျော် တန်ဖိုးရှိ မြေကွက် ၃၀၉ ကွက်ကို သိမ်းဆည်းခဲ့ပြီး ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးတွေဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင်ဖို့ မဟုတ်ဘဲ ဥပဒေနဲ့အညီ စနစ်တကျ ဖြစ်စေဖို့၊ ထိုင်းနိုင်ငံသားတွေကို အလွဲသုံးစားလုပ်ပြီး စီးပွားရေးစနစ် ထိခိုက်စေခြင်းမှ ကာကွယ်ဖို့ ဖြစ်တယ်၊ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေ၊ ပွဲစားနဲ့ တာဝန်ရှိသူတွေကို ဆက်လက်ပြီး ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ရဲချုပ်ကြီး ဆာမ်ရန်း နွန်းမားက ပြောပါတယ်။
Source: Khaosod / The Standard News











