DVB Logo
Home
မြန်မာသတင်း

အိမ်ခြံမြေအခွန်အမှုတွဲများတွင် မပေးနိုင်သည့်ပြည်သူများကို စသုံးလုံးက ခြိမ်းခြောက်

ဝေဝေ
·
November 23, 2026
Photo : DVB
Photo : DVB
Donate to DVB

အိမ်ခြံမြေအရောင်းအဝယ်တွေအတွက် အခွန်ဆောင်ပြီးစီးထားတဲ့ အမှုတွဲတွေကိုပါ စသုံးလုံးက နောက်ကြောင်း ပြန်စိစစ်ပြီး အခွန်ထပ်မံကောက်ခံနေသလို အခွန်မပေးနိုင်သူတွေကို ခြိမ်းခြောက်  နေတယ်လို့ သိရပါ တယ်။

အိမ်ခြံမြေအရောင်းအဝယ်တွေအတွက် အရင်က သက်ဆိုင်ရာအခွန်ဌာနကသာ အခွန်စည်းကြပ်ကောက်ခံခဲ့ပေမဲ့ အခုနှစ်အတွင်းမှာတော့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ကပါ ဝင်ရောက်စိစစ်လာတာ ဖြစ်ပါတယ်။ 

အခွန်ရုံးက သတ်မှတ်ပေးထားတဲ့ တန်ဖိုးအတိုင်း အခွန်ဆောင်ပြီးစီးခဲ့တဲ့ အရောင်းအဝယ်တွေကိုပါ နောက်ကြောင်း ပြန်စစ်ဆေးပြီး ပြန်လည်ခေါ်ယူနေသလို အခွန်မပေးနိုင်ရင် ဖမ်းဆီးထောင်ချမယ်လို့ ခြိမ်းခြောက်နေကြောင်း အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်သူတယောက်က ပြောပါတယ်။

“တရားဝင် ကြည်ဖြူစွာနဲ့ အခွန်ရုံးကနေပြီးတော့ အစ်မတို့ကို လက်ခံပြီးသား။ လုပ်ချင်ရင် သူတို့ အခွန်ကလူတွေ အကုန်လုံးကို ဖြုတ်ချပစ်လိုက်လေ။ အစည်းအဝေးအပတ်စဉ် ၇ ကနေ အစည်းအဝေးအပတ်စဉ် ၁၁ အထိ အစည်းအဝေး ၅ ခု။ အဲဒီ ၅ ခုရဲ့ အမှုတွဲတွေ အကုန်လုံးကို ပြန်ခေါ်တယ်။ အဲဒီအစည်းအဝေး ၅ ခုမှာ အမှုတွဲပေါင်း ၉,၀၀၀ ကျော်။ ပိုက်ဆံညှစ်ဖို့ လုပ်တာမဟုတ်ဘူးနော် လုံးဝကို အေးဓားပြတိုက်တာ။ အေးဓားပြကို မဟုတ်ဘူးကွာ ကြမ်းဓားပြ မပေးနိုင်ဘူးလား မပေးရင် ခင်ဗျားကို ထောင်ထဲထည့်မယ်၊ ခင်ဗျားကို နိုင်ငံခြား ခရီးသွားခွင့် ပိတ်ပစ်မယ် အဲလိုမျိုးတွေနဲ့။ အမလေး ပုဒ်မတွေ ပုဒ်မတွေ တပ်ပြပြီး ထောင်ထဲက တောင် တသက်လုံး သေတဲ့အထိ မထွက်ရမယ့် ပုဒ်မတွေနဲ့။ ဒီအပတ်တွေကနေစပြီးတော့ နေပြည်တော်ကို မခေါ်တော့ဘဲနဲ့  လှိုင်သာယာက စသုံးလုံးရုံးကို သွားရမယ်။”

အခုလို ခေါ်ယူညှိနှိုင်းနေတာတွေကို သတင်းမီဒီယာတွေကို သတင်းပေးပြောဆိုရင်လည်း ၆၆ (ဃ) နဲ့ တရားစွဲ ဆိုသွားမယ်လို့ ခြိမ်းခြောက်ပြောဆိုထားတယ်လို့ သိရပါတယ်။

အခုလို ပြန်လည်စိစစ်ရာမှာ အရောင်းအဝယ်ပြုလုပ်ခဲ့တဲ့အချိန်က သတ်မှတ်ထားတဲ့ မြေတန်ဖိုးအစား လက်ရှိ ကာလပေါက်ဈေးနဲ့ ပြန်လည်တွက်ချက်ပြီး ရောင်းသူနဲ့ ဝယ်သူနှစ်ဦးစလုံးကို အခွန်ထပ်မံပေးဆောင်ဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။  

ဒီလိုအခြေအနေတွေကြောင့် လက်ရှိမှာ ရန်ကုန်ရဲ့ အိမ်ခြေမြေ အရောင်းအဝယ်တွေ အခက်တွေ့နေရကြောင်း အိမ်ခြံမြေလုပ်ငန်းတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“သူတို့ကိုယ်တိုင် အခွန်စည်းကြပ်တဲ့ ပုံစံမျိုးနဲ့ အခု လုပ်ဆောင်လာတာပေါ့နော်။ အရောင်းအဝယ်တွေ ဖြစ်တိုင်းမှာ သူတို့ နေပြည်တော်ကို ခေါပြီးတော့ အခွန်ဆောင်ခိုင်းတယ်လို့ သိရတယ်ဗျာ။ ပြီးတော့ အရင်တုန်းက အခွန်ဆောင်တယ်ဆိုတာ ရာဖြတ်တန်ဖိုး ဘယ်ရပ်ကွက်မှာ one square feet ဘယ်လောက်ဆိုတဲ့ တန်ဖိုးက ရှိပြီးသားဗျာ။ အရင်တုန်းက အဲလိုမျိုးနဲ့ ဆောင်ရတာ။ အခုခါတော့ အဲလိုမဟုတ်တော့ဘဲနဲ့ စသုံးလုံးကိုယ်တိုင်ကနေခေါ်ပြီးတော့ ကာလပေါက်ဈေး အပြင်မှာ ပေါက်နေတဲ့ တန်ဖိုးနီးနီးလောက်ကို ရာဖြတ်ဖြတ်ပြီးတော့ ဆောင်ခိုင်းတာဆိုတော့ ရောင်းသူရော ဝယ်သူရောက အရောင်းအဝယ်လုပ်ရတာ တော်တော်လေးတော့ ခက်ခဲ သွားတဲ့ အနေအထား ဖြစ်သွားတယ်ဗျာ။”

လက်ရှိ အခွန်နောက်ကြောင်းပြန်စစ်ဆေးမှူဟာ အိမ်ခြံမြေဈေးနှုန်းတွေ ထိန်းချုပ်ဖို့ဆိုတဲ့ ရည်ရွယ် ချက်ရှိတယ်လို့ ပြောဆိုမှုတွေရှိပေမဲ့ လက်တွေ့မှာတော့ စသုံးလုံးဘက်က ဝင်ရောက်ကာ စစ်အာဏာရှင်အစိုးရရဲ့ စစ်အသုံးစရိတ် ရှာဖွေနေတာလို့  မှတ်ချက်တွေ ပြုနေကြပါတယ်။

အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်သူတယောက်က “စသုံးလုံးက ဘာလို့ပါလာလဲ။ ငွေလိုချင်လို့ ပါလာတာလေ ရှင်းရှင်းလေး။ အဲတော့ အခု သူတို့က ၁၀ ရာခိုင်နှုန်းက တရားဝင်ဆောင်၊ ၁ ရာခိုင်နှုန်းက fine၊ အဲတော့ all together ၁၁ ရာခိုင်နှုန်း ဖြစ်သွားတယ်။ အဲဒီ ၁၁ ရာခိုင်နှုန်းထဲမှာမှ ၅ ရာခိုင်နှုန်းကို သူတို့က ယူမယ်တဲ့ စသုံးလုံးက ဘယ့်နှယ်။ ရောင်းဝယ်ပြီးသွားပြီးတော့ သူတို့ကိုလည်း တရားဝင်ပဲ အခွန်ဌာနမှာ စာရွက်စာတမ်း အစုံအလင် အတိအကျနဲ့ သူတို့သတ်မှတ်တဲ့ ဈေးနှုန်းအတိုင်း ကိုယ်တွေလို အဖေ့ကို ဆေးကုဖို့၊ အမေ့ကို ဆေးကုဖို့၊ သားသမီး အမွေခွဲ ပေးဖို့ ကျောင်းပညာရေး စရိတ်ကြောင့်ဆိုပြီးတော့ မရှိတာလေးကို မရှိရှိတာလေးကို ထုခွဲရောင်းချရပြီးတော့ ဟိုး လှိုင်သာယာတွေ ရွှေပြည်သာတွေမှာ သွားပြောင်းနေရတဲ့ လူတွေကိုပါ လုပ်တယ်ဆိုတာကကျတော့ စဉ်းစားကြည့်” လို့ ပြောပါတယ်။

၅ ရာခိုင်နှုန်းကို ဘယ်ဥပဒေ၊ ဘယ်စည်းမျဉ်းအရ ကောက်ခံတယ်ဆိုတာနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက် မတွေ့ရဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

ဒါ့အပြင် အခွန်ပမာဏကို တရား ဝင်သတ်မှတ်ချက်အတိုင်း တွက်ချက်တာမဟုတ်ဘဲ စစစအရာရှိတွေနဲ့ အိမ်ခြံမြေပိုင်ရှင်တွေကြား ညှိနှိုင်းပြီး သတ်မှတ်နေတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013