
စစ်အာဏာရှင် မင်းအောင်လှိုင်က အခြေခံပညာကျောင်းတွေကို စံကိုက်ညီမှုရှိစေရေး ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တာကြောင့် စာသင်ကျောင်း အနီးဝန်းကျင်ရှိ နေအိမ်တွေနဲ့ မြေပိုင်ဆိုင်ထားသူတွေက မြေသိမ်းခံရမှာ စိုးရိမ်ထိတ်လန့်နေတယ်လို့ ပြောပါတယ်။
စာသင်ကျောင်းတွေရဲ့ စံကိုက်ညီမှု သတ်မှတ်ချက်မှာ ကျောင်းအဆင့်အလိုက် လိုအပ်တဲ့ မြေဧရိယာ အကျယ်အဝန်းကို တိုင်းထွာသတ်မှတ်မှာဖြစ်လို့ ကျောင်းအနီးဝန်းကျင်ရှိ မြေပိုင်ဆိုင်မှုတွေ ထိခိုက်ဆုံးရှုံးမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
မြောက်ဥက္ကလာပမှာ နေထိုင်သူတယောက် “သူတို့က လုပ်ချင်တာလုပ်တာပါ။ ကျောင်းမြေဆိုပြီး သိမ်းလိုက်ရင် ဒုက္ခရောက်ကြမှာလေ။ မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပါပဲ” လို့ ပြောပါတယ်။
စစ်အာဏာရှင်မင်းအောင်လှိုင်က အခြေခံပညာကျောင်း အားလုံးကို စံကိုက်ညီအောင် ပြုလုပ်ဖို့ လိုအပ်မယ်လို့ ဩဂုတ် ၂၅ ရက်နေ့ သူ့အစိုးရအဖွဲ့ အစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
လက်ရှိ တနိုင်ငံလုံးရှိ အခြေခံပညာကျောင်း ပမာဏ ၅၀,၀၀၀ လောက်မှာ စံချိန်စံညွှန်းမီတဲ့ ကျောင်း ၁၀ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း စစ်အာဏာရှင်က ပြောဆိုထားလို့ စာသင်ကျောင်းဝန်းကျင်မှာ နေထိုင်သူတွေအတွက် စိုးရိမ်စရာ ဖြစ်လာရတာပါ။
အခြေခံပညာကျောင်းတွေ စံချိန်စံညွှန်းမီဖို့အတွက် မူလတန်းကျောင်းတကျောင်းကို သတ်မှတ်အကျယ်အဝန်း ၃ ဧကမှ ၅ ဧက၊ အလယ်တန်းကျောင်းဆိုပါက ၅ ဧကမှ ၇ ဧကနဲ့ အထက်တန်းကျောင်းအတွက် ၇ ဧကမှ ၁၀ ဧကအထိ ရှိရမယ်လို့ ဆိုပါတယ်။
တိုင်းနဲ့ပြည်နယ် တာဝန်ရှိသူတွေကို ကျောင်းတွေရဲ့ မြေပြင်အခြေအနေ စာရင်းကောက်ယူဖို့ စစ်အာဏာရှင်က ညွှန်ကြားထားပြီး မြေအကျယ်အဝန်း အခြေအနေပေးတဲ့ ကျောင်းတွေကို စံကိုက်ကျောင်းတွေအဖြစ် ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။
အဆိုပါ ကျောင်းတွေရဲ့ သတ်မှတ်အကျယ်အဝန်းဟာ ကျေးရွာတွေနဲ့ လူနေကျဲတဲ့ အရပ်ဒေသတွေအတွက် အခက်အခဲ မရှိနိုင်ပေမဲ့ ရန်ကုန်လို လူနေထူထပ်တဲ့ မြို့ကြီးတွေမှာ ပြဿနာရှိနိုင်တယ်လို့ အငြိမ်းစား ကျောင်းဆရာတယောက်က ပြောပါတယ်။
“အတိအကျ လိုချင်ရင် ဘေးနားက လူနေအိမ်တွေကို ဖယ်မှရမဲ့ အခြေအနေပါ။ မြို့ထဲက တချို့ကျောင်းတွေဆို တိုက်တလုံးတည်းပေါ်မှာ ရှိတာ၊ ဘယ်လိုလုပ်မလဲ။”
မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက် အစီအစဉ်ဟာ စာသင်ကျောင်း အနီးဝန်းကျင်ရှိ အိမ်၊ ခြံ၊ မြေတွေရဲ့ ဈေးကွက်ကို အနည်းနဲ့အများ ရိုက်ခတ်မှု ရှိလာနိုင်တယ်လို့ ရန်ကုန်မြို့မှ အိမ်ခြံမြေပွဲစားချို့က ခန့်မှန်းပါတယ်။











