DVB Logo
Home
မြန်မာသတင်း
အဖမ်းအဆီးများကြောင့် မြန်မာပြည် အိမ်ခြံမြေ တိုက်ခန်းဈေးကွက်ပြိုဆင်းလာ 
DVB
·
August 22, 2026
Photo : DVB
Photo : DVB
Donate to DVB

အခုရက်ပိုင်းအတွင်း နေပြည်တော်အပါအဝင် ရန်ကုန်နဲ့ မြို့ကြီးတချို့မှာ အိမ်ခြံမြေအရောင်း အဝယ် အကြီးစားလုပ်ကိုင်နေတဲ့သူတွေနဲ့ အကျိုးဆောင်တွေကို စစ်အာဏာရှင်ဘက်က ခေါ်ယူ စစ်ဆေးနေတယ်လို့ အိမ်ခြံမြေတိုက်ခန်းဈေးကွက် ပြိုဆင်းသွားပြီး  ဈေးကွက် ပူဖောင်း စပေါက်နေပြီလို့  အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းအသိုက်အဝန်းက  ပြောပါတယ်။

စစ်ခံရသူတွေ‌ထဲမှာ ဘယ်သူတွေပါတယ် ဘယ်နှယောက်ပါတယ်ဆိုတာ အတိအကျ မသရေ သေးပေမဲ့ တချို့လည်း အမှုဖွင့်ဖမ်းခံထားရတာတွေလည်း ရှိနေတယ်လို့ ရဲဘက်ဆိုင်ရာ သတင်းရင်းမြစ် တယောက်က ပြောပြပါတယ်။

‘’ဘယ်သူကမှ အဖမ်းခံရတယ်။ အစစ်ခံရတယ် ထုတ်မပြောရဲကြလို့ တော်တော်များတယ်။ နေ့တိုင်း ကို ခေါ်မေးခေါ်စစ်နေတာ။” 

ရန်ကုန်မြို့က အိမ်ခြံမြေအကျိုးဆောင်တယောက်ကတော့ ’’အခုက ခိုးကြောင်ခိုးဝှက် လုပ်နေရ သလိုကြီး ဖြစ်နေပြီ’’လို့ ပြောပါတယ်။

အဲဒီလို စစ်ဆေးမှုသတင်းတွေထွက်လာပြီး နောက်ဆက်တွဲအနေနဲ့ အိမ်ခြံမြေနဲ့ တိုက်ခန်း ဈေးကွက် ဟာ အရင်လို အရောင်းအဝယ်မဖြစ်တော့ဘဲ ဈေးကွက်က တဖြည်းဖြည်း အေးစက်သွားပြီး အဆိုးရွားဆုံးအခြေအနေတခုဖြစ်တဲ့ ပူဖောင်းစကွဲမှုအထိ ဆိုက်ရောက် လာနေတယ်လို့ စျေးကွက် ထဲက တချို့ကပြောပါတယ်။

အိမ်ခြံမြေ အရောင်းအဝယ်သမားတယောက်က ‘’အရင်က တိုက်ခန်းတွေ၊ မြေတွေကို ဈေးတက်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝယ်ထားတဲ့သူတချို့က အခု ငွေအမြန်ဖော်ချင်တာကြောင့် ဈေးလျှော့ပြီး ပြန်ရောင်းလာကြပါတယ်။ ဒါပေမဲ့ ဝယ်မဲ့သူတွေကတော့ နောက်ပိုင်းမှာ ကိုယ်တိုင်ပါ စစ်ဆေးခံရနိုင်တာ၊ ငွေကြေးအရင်းအမြစ်တွေကို စစ်ဆေးခံရနိုင်တာတွေကို စိုးရိမ်ပြီး ဝယ်ဖို့နောက်ဆုတ်လာကြတယ်။ အရင်သိန်း ၁,၀၀၀ နဲ့ ဝယ်ထားတဲ့သူက ငွေအမြန်ဖော်ချင်လို့ သိန်း ၂၀၀၊ ၃၀၀ လျှော့ပြီး ရောင်းနေကြတယ်။ ဒါတောင် ဝယ်တဲ့သူက ပတ်ပြေးနေတယ်” လို့ လက်ရှိအခြေအနေကို ပြောပါတယ်။

အိမ်ခြံမြေဈေးကွက် အခုလို အေးသွားရတဲ့အထဲမှာ အခွန်ကိစ္စကလည်း အဓိကအကြောင်းရင်းတခု ဖြစ်နေပါတယ်။

အစိုးရဘက်က အိမ်ခြံမြေနဲ့ တိုက်ခန်းတွေကို အခွန်နှုန်းထားအသစ်တွေနဲ့ စည်းကြပ်ဖို့ ပြင်ဆင် နေသလို နောက်ထပ်အခွန်တမျိုး ထပ်ကောက်ဖို့ စစ်အာဏာရှင် လွှတ်တော်ဘက်ကလည်း ကြိုးပမ်း မှုတွေ ရှိနေတယ်လို့ ဈေးကွက်အတွင်းက သုံးသပ်ကြပါတယ်။

အဲဒီအပြင် အခုအချိန်မှာ အိမ်ခြံမြေအရောင်းအဝယ်လုပ်ရင်ဝယ်တဲ့သူရဲ့ နောက်ကြောင်း၊ ရောင်းတဲ့ သူရဲ့ လုပ်ဆောင်ချက်နဲ့ ငွေကြေးဘယ်ကရလာသလဲဆိုတာအထိ စစ်ဆေးခံရနိုင်တဲ့ အခြေအနေတွေ ရှိလာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပုံမှန်အိမ်ခြံမြေအရောင်းအဝယ်လုပ်နေတဲ့သူတွေတောင် အခုအချိန်မှာ လုပ်ငန်းတခု လုပ်နေရတာထက် တရားမဝင်ပစ္စည်းတခု ရောင်းဝယ်နေသလို စိုးရိမ်ပြီး လုပ်ကိုင်နေရတယ်လို့ ဈေးကွက်အတွင်းက ပြောပါတယ်။

ရန်ကုန်အိမ်ခြံမြေဈေးကွက်ထဲက အကျိုးဆောင်တယောက်က “အခု ရန်ကုန် စမ်းချောင်းမှာလည်း တရားမဝင်တိုက်တွေ ချိတ်ပိတ်ခံနေရတယ်လေ။ တိုက်ခန်းဈေးက ဟိုရက်တွေက တက်နေတာ ကနေ အခု အီလည်လည်နဲ့ ပြန်ထိုးဆင်းသွားပြီ” လို့ ပြောပါတယ်။

တဖက်မှာလည်း မြေဈေးတွေကို လူအများ လက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းတခု သတ်မှတ်ပြီး ရည်ညွှန်းဈေးပုံစံနဲ့ ရောင်းချတာမျိုး ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ဈေးကွက်ထဲမှာ ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ဒီကိစ္စကတော့ လက်ရှိအချိန်အထိ တရားဝင်ထုတ်ပြန်ထားတာ မဟုတ်ဘဲ ဈေးကွက်အတွင်း ပြောဆိုနေကြတဲ့ ခန့်မှန်းချက်အဆင့်ပဲ ရှိပါသေးတယ်။

အိမ်ခြံမြေနဲ့ တိုက်ခန်းတွေကို တရားဝင်နည်းလမ်းနဲ့ ရောင်းဝယ်ဖို့ ခက်လာတဲ့အခါ ငွေကို မြန်မြန်ပြန်ဖော်လို့ရတဲ့ ရွှေဘက်ကို ငွေရွှေ့လာကြတယ်လို့လည်း ဈေးကွက်အတွင်းက ပြောပါတယ်။

အိမ်ခြံမြေမှာ ရင်းနှီးထားတဲ့ငွေတွေကို တချို့က ပြန်ထုတ်ပြီး ရွှေဝယ်တာတွေ လုပ်လာကြတဲ့ အတွက် ရွှေဝယ်လိုအားလည်း ပိုတက်လာတယ်လို့ ဆိုပါတယ်။

အိမ်ခြံမြေရောင်းဝယ်သူတယောက်က “ဒီအချိန် ဘယ်သူမှ ငွေမကိုင်ထားချင်ကြဘူး။ ရွှေဘက်ပဲ လှည့်လိုက်ကြတယ်” လို့ လက်ရှိမြေပြင်အခြေအနေကို ပြောပြပါတယ်။

အဲဒီလို အိမ်ခြံမြေဘက်က ငွေတွေ ရွှေဘက်ကို ရွှေ့လာတာနဲ့အတူ ရွှေဈေးလည်း တက်လာ နေတယ်လို့ ဈေးကွက်အတွင်းက ပြောပါတယ်။ တချိန်တည်းမှာပဲ အိမ်ခြံမြေဈေးကွက်က အေးလာပြီး ရွှေဈေးက တက်လာတဲ့ အခြေအနေကို တွေ့နေရတာ ဖြစ်ပါတယ်။

အခုလို ဈေးကွက်အေးလာတာဟာ ဈေးနှုန်းကျသွားတာတခုတည်း မဟုတ်ပါဘူး။ ဝယ်မဲ့သူ မဝယ်ရဲ တော့တာ၊ ရောင်းမဲ့သူကလည်း ငွေအမြန်လိုလို့ ဈေးလျှော့ရောင်းလာတာ၊ အရောင်းအဝယ်တွေ နှောင့်နှေးလာတာတွေပါ တပြိုင်နက် ဖြစ်လာနေပါတယ်။

အထူးသဖြင့် ဈေးတက်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အိမ်ခြံမြေဝယ်ထားတဲ့သူတွေ အခုလို အရောင်းအဝယ် ကျသွားတဲ့အချိန်မှာ ငွေပြန်ဖော်ဖို့ ကြိုးစားလာရင် ရောင်းလိုအားက ပိုများ လာနေပါတယ်။ အဲဒီအချိန်မှာ ဝယ်မဲ့သူမရှိဘူးဆိုရင် ဈေးနှုန်းက ပိုပြီး ဖိအားကျလာနိုင်ပါတယ်။

ဒါကြောင့် ဈေးကွက်ထဲမှာတော့ အခုအခြေအနေကို အိမ်ခြံမြေပူဖောင်း စတင်ပေါက်ကွဲလာတာလို့ ပြောဆိုတာတွေ ရှိလာပါတယ်။

ဒါပေမဲ့တခြားနိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကတော့ တူညီတာမဟုတ်ဘဲ ကိုယ်ပိုင်အခြေအနေ၊ ကိုယ်ပိုင်အကြောင်းရင်းတွေနဲ့ ဖြစ်နေတာလည်း သတိပြုဖို့ လိုပါတယ်။

လက်ရှိအခြေအနေဟာ အိမ်ခြံမြေအရောင်းအဝယ်တွေကို ဆက်ပြီး စစ်ဆေးတာ၊ အခွန်နှုန်းထား တွေ ပြောင်းလဲတာနဲ့ အရောင်းအဝယ်လုပ်ရတာ ပိုပြီး ခက်လာတာတွေ ဆက်ဖြစ်နေတာကြောင့် အိမ်ခြံမြေဈေးကွက်အပေါ် ဖိအားက ပိုများလာပြီး တခြားနိုင်ငံနဲ့မတူညီတဲ့ ပုံစံမျိုးနဲ့ ပူဖောင်းစကွဲလာနေတယ်လို့ စျေးကွက်ထဲက တချို့က တူညီစွာနဲ့ ဆက်လက် ပြောပြကြပါတယ်။

‘’မကွဲဘူးလို့ ထွက်ပြောနေသူတွေက ပိုက်ဘောမိနေကြတဲ့ အရောင်းသမားတွေများတယ်’’လို့ စျေးကွက်အတွင်းမှ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013