နိုင်ငံခြားသားတွေ ဂျပန်မှာ နေထိုင်ခွင့်နှုန်းထားတွေ တိုးမြှင့်ခဲ့ပြီး အမြဲတမ်းနေထိုင်ခွင့်အတွက် အဆ ၂၀ တိုးမြှင့်ခဲ့ပါတယ်။
အမြဲတမ်းနေထိုင်ခွင့်အတွက် ဗီဇာကြေး ဂျပန်ယန်း ၂၀၀,၀၀၀ (ဒေါ်လာ ၁,၂၇၀) အထိ တိုးမြှင့်ထားပြီး ဝင်ငွေ၊ ပင်စင်နဲ့ ဂျပန်ဘာသာစကား လိုအပ်ချက်တွေလည်း လိုအပ်ပါတယ်။
ဗီဇာကြေးတွေ မတိုးမီက တကြိမ်ကို ဂျပန်ယန်း ၆,၀၀၀ ပေးခဲ့ရတာကနေ အခုအချိန်မှာ အဆ ၂၀ အထိ တိုးမြှင့်ခဲ့တာပါ။
အောက်တိုဘာ ၁ ရက်က စပြီး ဗီဇာကြေးတွေ ၃ လကို ယန်း ၁၀,၀၀၀ သတ်မှတ်ထားပြီး ၅ နှစ်နဲ့ အထက် ဗီဇာကြေးတိုးမြှင့်သူတွေကို ယန်း ၇၅,၀၀၀ ပေးရမှာ ဖြစ်ပါတယ်။
ဗီဇာလျှောက်ထားသူတွေအနက် ဒုက္ခသည်တွေနဲ့ ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရသူတွေက Discount တွေ ရှိတယ်လို့လည်း မီဒီယာတွေက ဖော်ပြပါတယ်။
လျှောက်ထားသူတွေဟာ နှုန်းထားမတိုးခင် လျှောက်ထားနိုင်ဖို့ ကြိုးစားခဲ့တာကြောင့် ဒီတပတ် လူဝင်မှုကြီးကြပ်ရေးမှာ လူတွေများခဲ့ပြီး ၇ နာရီကျော်ကြာ စောင့်ဆိုင်းနေရမှုတွေ ဖြစ်ခဲ့ပါတယ်။
ဂျပန်မှာ နိုင်ငံခြားသား များပြားလာမှုကို ထိန်းချုပ်ဖို့ ရည်ရွယ်နေကာ ဂျပန် လူဝင်မှုကြီးကြပ်ရေး စည်းကမ်းတွေ ပြောင်းလဲနေတဲ့ ဝန်ကြီးချုပ် တာကာအိချိ အစိုးရအဖွဲ့ရဲ့ လူဝင်မှုကြီးကြပ်ရေး ပေါ်လစီ ပြောင်းလဲမှုတွေထဲက တခုပဲ ဖြစ်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ဝန်ကြီးချုပ်ရာထူး ရယူခဲ့ချိန်ကတည်းက တာကာအိချိရဲ့ အဓိက ဦးစားပေးဆောင်ရွက်ရမဲ့ ကိစ္စတခုပဲ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ ဇူလိုင်လက နိုင်ငံခြားသားအားလုံးအတွက် ဗီဇာနှုန်းထားတွေကို ၅ ဆ တိုးမြှင့်ခဲ့ဖူးပါတယ်။
အဲဒါက နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ဗီဇာနှုန်းထားတွေ အမြင့်ဆုံးဖြစ်လာတာ ဖြစ်ပါတယ်။
ဒီလို နှုန်းထားတွေ တိုးတာက ငွေကြေးဖောင်းပွမှုနဲ့ ငွေလဲနှုန်းတွေ တိုးလာတာရဲ့ အကျိုးဆက်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ အသက်ကြီးနှုန်းထား တိုးလာတာကြောင့် အလုပ်သမား လိုအပ်ချက်မှာ နိုင်ငံခြားသားတွေအပေါ် အဓိက မှီခိုနေရပါတယ်။
ဒါ့ကြောင့် လူဝင်မှုကြီးကြပ်ရေး ပေါ်လစီတွေက ထိခိုက်လွယ်ပြီး ကန့်သတ်ထားရတဲ့ကိစ္စလည်း ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်မှာ ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားဦးရေ ၄ ဒသမ ၁၂ သန်းကျော်အထိ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ကထက် ၉ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့တာ တွေ့ရပါတယ်။










