
ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောလူနာအသစ်ရောက်ရှိတာ ကျဆင်းသွားပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှာ လူနာတွေအနေနဲ့ အခမဲ့ကုသပေးနေကြောင်း ဆေးရုံကြီးရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဩဂုတ် ၉ ရက်က စလို့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလူနာတွေ စတင်တွေ့ရှိခဲ့ရပြီး ဩဂုတ် ၁၃ ရက်အထိ ရန်ကုန်ပြည်သူ့ဆေးရုံမှာ လူနာအယောက် ၁၈၀ ကျော်အထိ လာရောက်ကုသ ခဲ့ရတာဖြစ်ပါတယ်။
စတင်ဖြစ်ပွားပြီး တပတ်ကျော်ကြာလာချိန်မှာတော့ ရန်ကုန်ဆေးရုံကြီးမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ နဲ့ ရောက်ရှိလာတဲ့ လူနာအသစ်အရေအတွက်ဟာ လျော့ကျလာပြီး တရက်ကို လူနာ ၂၀ လောက်သာ ရောက်ရှိလာတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဩဂုတ် ၁၈ ရက် ထုတ်ပြန် ပြောဆိုချက်တွေအရ သိရပါတယ်။
ဒါ့အပြင် ဆေးရုံကြီးမှာ ဝမ်းရောဂါ လူနာတွေကို အခမဲ့ကုသပေးနေကြောင်းကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရဲ့ ပါမောက္ခချုပ်က စစ်အာဏာရှင်လက်အောက်ခံ သတင်းမီဒီယာတွေကို ပြောပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခချုပ် ဒေါက်တာမိုးခိုင်က “ဝမ်းပျက်ဝမ်းလျှော ရောဂါလူနာတွေ အရင် ၃၊ ၄ ရက်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လာရောက်ကုသမှု ခံယူတဲ့ လူနာသစ်အရေအတွက်ဟာ သိသိသာသာ လျော့နည်းသွားပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ လူနာတွေ ကတော့ရှိနေဆဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လျော့နည်းလာတဲ့ အရှိန်အဟုန်ကို အမြန်ဆုံး လျှော့ချနိုင်ဖို့ရယ်၊ လိုအပ်တဲ့ ကုသမှုတွေ ဆောင်ရွက်နိုင်ဖို့အတွက်ရယ် ဝမ်းလျှောဝမ်းပျက် ရောဂါလက္ခဏာတွေ ခံစားရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေ သွားရောက်ပြသ ကုသမှု ခံယူခြင်းနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လာရောက်ကုသမှု ခံယူကြဖို့ ဆက်လက် တိုက်တွန်း လိုပါတယ်”လို့ ပြောပါတယ်။
လူနာသစ်ဝင်ရောက်မှု လျော့ကျလာတယ်လို့ ဆေးရုံဘက်က ပြောဆိုထားပေမဲ့ လက်ရှိနောက်ဆုံး လူနာအရေအတွက်ကိုတော့ တိတိကျကျ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ တပတ်ထဲမှာတော့ ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ လူတွေကို လူနာတင်ယာဉ်တွေနဲ့ ရန်ကုန်ဆေးရုံကြီးကို နေ့စဉ် ပို့ဆောင်ပေးနေပေမဲ့ ဒီရက်ပိုင်းထဲမှာတော့ လျော့ကျသွားကြောင်း လသာမြို့နယ်နေ ပြည်သူတယောက်က ပြောပါတယ်။
“ကာလဝမ်းရောဂါကတော့ စဖြစ်တုန်းကတော့ များတယ်။ အခုတော့ သိပ်တော့ မကြားတော့ဘူး။ လမ်းဘေးဆိုင်တွေလည်း ပိတ်ထားပြီဆိုတော့လေ။ တချို့ အပြင်မှာ ဖြစ်ပြီး ကိုယ့်ဘာသာကိုယ် ကြိတ်ကုတာတို့ အပြင်ဆေးရုံပို့တဲ့ စာရင်းတွေကတော့ မသိသေးတော့လေ။ ဒါပေမဲ့ ရန်ကုန်ဆေးရုံကြီးကို လာပို့တာတော့ နည်းသွားပြီပေါ့နော်။ အပြင်မှာ သူ့ဘာသာသူ ကုနေလို့ရှိရင်တော့ သေချာတော့ မသိနိုင်တဲ့ အခြေအနေမျိုးပါ။ ဆေးရုံကြီးမှာတော့ အခုက အခမဲ့တော့ ကုတာပေါ့နော်။ ဒါပေမဲ့ နည်းနည်းပါးပါး လူနာစောင့် ဘာညာ အဲ့လိုမျိုး ပေးရတာတွေတော့ ရှိကောင်းရှိနိုင်မယ်ပေါ့။ ဝမ်းရောဂါနဲ့ ပတ်သက်တာတော့ အခုက အခမဲ့ ကုပေးနေတဲ့ အခြေအနေမျိုးပါ။”
တချို့မြို့နယ်တွေက လာရောက်ကုသတဲ့ ပြည်သူတွေတချို့ကတော့ ဆေးကုသစရိတ် မပေးရပေမဲ့ ထိုးဆေးနဲ့ သောက်ဆေးတွေဝယ်ယူဖို့အတွက်ကတော့ ငွေကြေးကုန်ကျနေဆဲဖြစ်တယ် လို့ လူမှုကွန်ရက်မှာ ရေးသားထားတဲ့ မှတ်ချက်တွေအရ သိရပါတယ်။
ရန်ကုန်မြို့တွင်းက လမ်းမတော်၊ လသာ၊ ပန်းပဲတန်းစတဲ့ မြို့နယ်တွေ အပါအဝင် မြို့နယ် ၆ ခုမှာ ဝမ်းပျက်ဝမ်းလျှောရောဂါလူနာတွေ တွေ့ရှိခဲ့ရတာကြောင့် အဲဒီမြို့နယ်တွေက လမ်းဘေး စျေးသည် တွေကို အစားအသောက် ရောင်းချတာတွေလည်း တားမြစ်ထားပါတယ်။
ဝေဝေ











