
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ toxins, food poisoning စတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဲဒီအထဲကမှ Cholera လို့ခေါ်တဲ့ ကာလဝမ်းရောဂါဟာ ကူးစက်မြန်ပြီး ရောဂါပြင်းထန်တာမို့ သေချာမကုသရင် နာရီပိုင်းအတွင်း အသက်အန္တရာယ် ထိခိုက်တဲ့ရောဂါ ဖြစ်ပါတယ်။
ဘာကြောင့် ဖြစ်ရတယ်
ပြင်းထန် ဘက်တီးရီးယားတမျိုးဖြစ်တဲ့ Vibrio Cholerae ကြောင့်ဖြစ်ပွားတဲ့ ဒီရောဂါဟာ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေကြောင့် ကူးစက်ရတာ ဖြစ်ပါတယ်။
Vibrio cholerae ဘက်တီးရီးယားဟာ မျိုးကွဲပေါင်းများစွာရှိပေမဲ့ မျိုးကွဲ O1 နဲ့ O139 ကသာ အစုလိုက်အပြုံလိုက် ပြန့်ပွားမှုတွေ ဖြစ်စေတာပါ။ မျိုးကွဲပေမဲ့ ဖြစ်ပွားတဲ့ လက္ခဏာတွေကတော့ အတူတူပါပဲ။
ရောဂါကူးစက်ပုံနှင့် လက္ခဏာများ
ရောဂါပိုးပါဝင်တဲ့ ရေ၊ အစားအစာ၊ ရောဂါကူးစက်ခံရသူရဲ့ အန်ဖတ်နဲ့ အညစ်အကြေးတွေကနေတဆင့် ကူးစက်ခံရနိုင်ပါတယ်။ ကာလဝမ်းရောဂါနဲ့ သေဆုံးသူကို လက်ဗလာနဲ့ ကိုင်တွယ်တာကနေလည်း ကူးနိုင်ပါတယ်။
ရောဂါကူးစက်ခံရသူတွေတိုင်း လက္ခဏာ မပြတတ်ပါဘူး။ ဒါပေမဲ့ ဒီလူတွေရဲ့ဝမ်းထဲမှာ ရောဂါပိုးတွေဟာ ၁၀ ရက်လောက်အထိ ပါဝင်နေတတ်ပြီး ဒါတွေကတဆင့် သူ့ပတ်ဝန်းကျင်ကို ရောဂါပြန့်ပွားနိုင်ပါသေးတယ်။
ရောဂါကူးစက်ခံရတဲ့သူတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်သာ လက္ခဏာပြပြီး ရောဂါလက္ခဏာ မပြင်းထန်တတ်ပေမဲ့ တကယ်ဖြစ်လာပြီဆိုရင် လူနာ ၁၀ ယောက်မှာ ၁ ယောက်လောက်ဟာ ရောဂါဆိုးရွား ပြင်းထန်နိုင်ပါတယ်။
ရောဂါကူးစက်ခံရသူ အများစုမှာ ဝမ်းလျှောဝမ်းပျက်ဝေဒနာကို ၁၂ နာရီကနေ ၅ ရက်အတွင်း စတင်ခံစားရတတ်ပြီး ဝမ်းလျှောဝမ်းပျက်ခြင်း အလွန်ပြင်းထန်ရင် နာရီပိုင်းအတွင်း ရေဓာတ်ဆုံးရှုံးမှုများပြီး ဒီလူတွေဟာ ဆေးကုသမှုမရရင် အသက်ဆုံးရှုံးရနိုင်ပါတယ်။
အဓိက ရောဂါလက္ခဏာတွေအနေနဲ့…
• ဝမ်းအရည် ပမာဏများစွာသွားခြင်း ဖြစ်ပါတယ်။
(ဝမ်းဟာ ဆန်ဆေးရည်လို အရည်ဖြူနောက်နောက်တွေ ဖြစ်နေတတ်ပါတယ်)
• ဗိုက်မအီမသာဖြစ်တာ၊ အန်တာနဲ့ ဆားဓာတ်ဆုံးရှုံးခြင်းကြောင့် ကြွက်တက်တာ၊ နုံးချိတာတွေလည်း ဖြစ်နိုင်ပါတယ်။
• ပြင်းထန်ဝမ်းလျှောခြင်းဟာ ပမာဏများတဲ့အတွက် အကြိမ်ရေမများရင်တောင် နာရီပိုင်းအတွင်း လူက နုံးခွေပြီး သွေးပေါင်ကျတာ၊ ဆီးနည်းတာ၊ ကျောက်ကပ်ပျက်တာ၊ (သွေးလန့်) shock ရတာတွေ ဖြစ်နိုင်ပါတယ်။ ကုသမှုမရရင် သေဆုံးနိုင်ပါတယ်။
ရောဂါပြင်းထန်မှု ပိုဖြစ်နိုင်သူတွေကတော့
• ဆီးချိုရောဂါ စတဲ့ရောဂါအခံရှိသူများ
• အစာအိမ် ခွဲစိတ်ဖြတ်တောက်ထားသူများ
• အစာအိမ်အက်ဆစ်ဓာတ် မလုံလောက်သူများ (Achlorhydria) ဖြစ်ပါတယ်။
ဂရုစိုက်ရန်လိုအပ်ခြင်း
ကာလဝမ်းရောဂါကူးစက်မှုဟာ သန့်ရှင်းသောရေနှင့် အိမ်သာတွေ လုံလောက်စွာမရရှိတာနဲ့ ဆက်စပ်နေပါတယ်။ လူနေထူထပ်တဲ့ မြို့ပြရပ်ကွက်တွေအပြင် စစ်ဘေးရှောင်စခန်းတွေ၊ ဒုက္ခသည်စခန်းတွေ၊ ကျောင်းတွေ၊ လူအများစုဝေးနေထိုင်ရာ နေရာတွေလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ရေကြီးရေလျှံတဲ့နေရာတွေလည်း သတိထားဖို့လိုပါမယ်။
ရောဂါရှာဖွေကုသခြင်း
ကာလဝမ်းရောဂါလို့ သံသယရှိရင် ဝမ်းနမူနာကို ဓာတ်ခွဲခန်းပို့စစ်ပြီး Vibrio Cholerae ရောဂါပိုး ဟုတ်၊ မဟုတ် ရောဂါရှာရမှာဖြစ်ပါတယ်။
ရောဂါဟာ ပြင်းထန်နိုင်ပေမဲ့ ကုသမှုအလျင်မီရင် လွယ်ကူစွာ ပျောက်ကင်းနိုင်ပါတယ်။ ရောဂါကုသနည်းတွေကတော့….
ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်ဖြည့်ခြင်း
ရေဓာတ်ဆုံးရှုံးမှု ပြင်းထန်လွန်းတဲ့အတွက် ရေဓာတ်ပြန်ပြည့်အောင် ဝမ်းလျှောတာနဲ့ ဓာတ်ဆားရည် လုံလောက်စွာသောက်တာကို မမေ့မလျော့ ပြုလုပ်ရပါမယ်။
WHO က သတ်မှတ်ထားတဲ့ အချိုးအစားရှိတဲ့ ဓာတ်ဆားထုပ် တထုပ်ကို ရေတလီတာနဲ့ ဖျော်ရပါမယ်။ ရောဂါအသင့်အတင့်ပြင်းထန်တဲ့ လူနာဟာ ပထမဆုံး ဝမ်းလျှောတဲ့နေ့မှာ ဓာတ်ဆားရည် ၆ လီတာခန့်အထိ ရေနဲ့ဓာတ်ဆား ပြန်ဖြည့်တင်းပေးဖို့ လိုတတ်ပါတယ်။
ရေဓာတ်ဆုံးရှုံးမှု ပြင်းထန်တဲ့ သွေးလန့်လူနာတွေမှာတော့ သွေးကြောကနေတဆင့် ဓာတ်ဆားနဲ့ ရေကို ပြန်လည်ဖြည့်တင်းကုသဖို့ (IV treatment) လိုပါတယ်။
ဆုံးရှုံးသွားတဲ့ရေဓာတ်ကို အချိန်မီ သေချာစွာ ဖြည့်တင်းနိုင်လျှင် ကာလဝမ်းရောဂါ ဖြစ်ပွားတဲ့လူနာကို အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။
ဓာတ်ဆားရည်မရခဲ့သော် ရနိုင်တဲ့ သန့်ရှင်းသောအရည်များ (စွပ်ပြုတ်၊ ဆန်ပြုတ်၊ အုန်းစိမ်းရည်) ကို သောက်သုံးနိုင်ပါတယ်။ ဒါပေမဲ့ သကြားပါဝင်မှုများတဲ့ Energy drink လို အားဖြည့်အချိုရည်တွေတော့ မသောက်သုံးသင့်ပါ။ ဝမ်းလျှောတာကို ပိုဆိုးစေပါတယ်။
စစ်ရှောင်ဒေသတွေနဲ့ တခြား ဓာတ်ဆားထုပ် အလွယ်တကူမရရှိနိုင်တဲ့ ဒေသတွေမှာ သကြား လက်ဖက်စားဇွန်း ၆ ဇွန်းနဲ့ ဆား လက်ဖက်စားဇွန်းရဲ့ တ၀က်ကို သန့်ရှင်းတဲ့ရေ တလီတာနဲ့ဖျော်ပြီး ဓာတ်ဆားရည်ကို ဖန်တီးနိုင်ပါတယ်။
ပိုးသတ်ဆေး
ဝမ်းလျှောတိုင်း ပိုးသတ်ဆေးမပေးပေမဲ့ ဒီလိုလူနာတွေမှာ သင့်လျော်တဲ့ ပိုးသတ်ဆေးပေးဖို့ လိုတတ်ပါတယ်။ ပိုးသတ်ဆေးတွေက ဝမ်းပျက်ဝမ်းလျှောတဲ့ ကြာချိန်ကို လျှော့ချပေးနိုင်ပြီး လိုအပ်သော ရေဓာတ်ပမာဏကိုလည်း လျော့နည်းစေပါတယ်။ ဝမ်းထဲ Vibrio Cholerae စွန့်ထုတ်တဲ့ ပမာဏနဲ့ ကြာချိန်ကိုလည်း တိုစေပါတယ်။ ပိုးသတ်ဆေးတခုတည်းက ကုသမှုမဟုတ်ဘဲ ရေဓာတ်ဖြည့်တင်းခြင်းကိုပါ တွဲဖက်လုပ်ဆောင်ရပါမယ်။ ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးရပါမယ်။
ဝမ်းလျှောလည်း အစာမဖြတ်ရပါ
သန့်ရှင်းစွာ ပြင်ဆင်ထားတဲ့ အစားအသောက်တွေကို စားနိုင်ပါတယ်။
အစားစားနိုင်သူဟာ အစာကြေလွယ်တဲ့ အစာပျော့ပျော့ ပူပူနွေးနွေး စားပါ။ အရည်များများ သောက်ပါ။ ကလေးငယ်တွေကို နို့ရည် ဆက်လက်တိုက်ကျွေးပါ။
Zinc ဆေးပြား
သတ္တုဓာတ်တမျိုးဖြစ်တဲ့ Zinc ဟာ ဝမ်းလျှောတဲ့ကြာချိန်ကို လျော့စေပြီး နောက်ထပ် ထပ်ဖြစ်တာကို ကာကွယ်ပေးနိုင်တဲ့အတွက် အသက် ၅ နှစ်အောက် ကလေးတွေမှာ ကုသမှုတခုအနေနဲ့ ထည့်သွင်း အသုံးပြုပါတယ်။
ပိုးသတ်ဆေး ကြိုသောက်ခြင်း မပြုရပါ
မိမိသဘောအလျောက် ဝမ်းလျှောမှုကာကွယ်အောင် ပိုးသတ်ဆေး ကြိုသောက်တာမျိုးကိုတော့ လုံးဝမလုပ်သင့်ပါ။ မထိရောက်တဲ့အပြင် ပိုးသတ်ဆေးယဉ်ပါးမှုကိုပါ တိုးလာစေနိုင်တဲ့အတွက် ပြင်းထန်ရောဂါပိုးတွေ ပိုလို့ ပွားစေနိုင်ပါတယ်။
ကာလဝမ်းရောဂါဖြစ်တယ်လို့ သံသယရှိလျှင် နီးစပ်ရာ ကျန်းမာရေးဌာနမှာ ဆေးကုသမှု အမြန်ဆုံးခံယူပါ။ ကျန်းမာရေးဌာနသို့ သွားနေစဉ် လမ်းခရီးမှာ ရေဓာတ်ဆုံးရှုံးမှုကို ဖြည့်တင်းဖို့ ဓာတ်ဆားရည် လုံလောက်စွာ သောက်သုံးပါ။
မိမိ သို့မဟုတ် မိသားစုပတ်ဝန်းကျင်တွင် ကာလဝမ်းရောဂါ ဖြစ်ပွားသည်ဟု သံသယရှိရင် ပထမဆုံး အရမ်းထိတ်လန့်မသွားပါနဲ့။ ရောဂါဟာ အချိန်မီကုသမှုရရင် ထိန်းနိုင်၊ ပျောက်ကင်းနိုင်ပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကို ဖြည့်တင်းဖို့ ဓာတ်ဆားနဲ့ အရည်များများသောက်ပါ၊ တိုက်ကျွေးပါ။ လက်ကို သေချာဆေးပါ။ နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပါ။
တကယ်လို့ ပျို့အန်ခြင်းကြောင့် ပါးစပ်ကတဆင့် မသောက်သုံးနိုင်လျှင် ဒါမှမဟုတ် ဝမ်းလျှောတာ ပြင်းထန်ရင် ပိုလို့အရေးကြီးပါတယ်။ ဆေးကုသမှု အမြန်ဆုံးခံယူရပါမယ်။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
မှီငြမ်း
https://www.cdc.gov/cholera
https://www.who.int/news-room/fact-sheets/detail/cholera
(အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် “ပြင်းထန်ကာလဝမ်းရောဂါအကြောင်း သိမှတ်ဖွယ်ရာ” အကြောင်းဆောင်းပါးကို ယခုကဲ့သို့ မြန်မာပြည်တွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေချိန် ကျန်းမာရေး အသိပညာ ပေးနိုင်ရန် ပြန်လည်ဖော်ပြခြင်းဖြစ်သည်။)











