
ရန်ကုန်မှာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောပိုးတွေ့လူနာတွေ ပိုတိုးလာပေမဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ပြင်ပလူနာဌာနကိုတော့ ပိတ်ထားတာမရှိဘူးလို့ ဆေးရုံရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရန်ကုန်မှာ ဩဂုတ် ၁၀ ရက်ကစလို့ ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ပြန့်ပွားနေပြီး ဩဂုတ် ၁၃ ရက်အထိကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောပိုးတွေ့လူနာတွေ တိုးလာနေကြောင်း သိရပါတယ်။
လူတွေတိုးတာတဲ့အလျောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ပြင်ပလူနာဌာန ပိတ်ထားတာမရှိကြောင်း ရန်ကုန်ဆေးရုံကြီးရဲ့ တာဝန်ရှိသူက စစ်အာဏာရှင်လက်အောက်ခံ သတင်းမီဒီယာတွေကို ပြောပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခဒေါက်တာမင်းဇော်ဦးက “ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကြားထဲမှာလည်း စိုးရိမ်မှုတွေ မြင့်မားနေတာ သိရှိရပါတယ်။ ကျနော်တို့ဆီကလည်း လူနာတွေ အများကြီး ရောက်လာတာ မှန်ပါတယ်။ သို့သော် တချို့ လိုင်းပေါ်မှာ ပြောသလိုပေါ့နော်၊ ကျနော်တို့ ရန်ကုန်ဆေးရုံကြီးလူနာတွေ ပြည့်ကျပ်နေတယ်၊ ကျနော်တို့ ရန်ကုန်ဆေးရုံကြီးက ပြင်ပလူနာတွေ မကြည့်တော့ဘူး၊ နောက် အတွင်းလူနာ လက်မခံတော့ဘူး ဆိုတဲ့ သတင်းတွေ မဟုတ်ကြောင်း ပြောချင်ပါတယ်။ ကျနော်တို့ ပြင်ပလူနာဌာနကလည်း ပုံမှန်အတိုင်း ဆောင်ရွက်နေပါတယ်။ တဖက်တည်းမှာပဲ ကျနော်တို့ရဲ့ ဒီမှာရှိတဲ့ ထုတ်နုတ်အင်အားနဲ့ ဒီလူနာတွေကို ဝမ်းပျက်ဝမ်းလျှော လူနာတွေကို ပြုစုစောင့်ရှောက်နေခြင်း ဖြစ်တယ်ဆိုတာကို တင်ပြချင်ပါတယ်” လို့ ပြောပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်လူနာ ၁၈၂ ယောက်၊ ပိုးတွေ့လူနာ ၉၃ ယောက်နဲ့ ဆေးရုံဆင်းခွင့်ရသူလူနာ ၁၁ ယောက်ရှိကြောင်း ရန်ကုန်ဆေးရုံကြီးရဲ့ ဩဂုတ် ၁၃ ရက်စာရင်းအရ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဗဟိုအဆင့်ဆေးရုံကြီး ၁၈ ရုံနဲ့ ရန်ကုန်တိုင်းအောက်က ဆေးရုံ ၆၅ ရုံမှာ ဝမ်းပျက်ဝမ်းလျှောရောဂါအတွက်ကို ကုသမှုပေးနိုင်အောင် ဆောင်ရွက်ထားတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ တာဝန်ရှိသူ ပြောပြချက်အရ သိရပါတယ်။
ဩဂုတ် ၁၄ ရက်မှာတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူလူနာတွေ ပိုတိုးလာသလို လမ်းဘေးစားသောက်ဆိုင်ငယ်တွေအပြင် ၁၉ လမ်းမှာရှိတဲ့ စားသောက်ဆိုင်ကြီးတွေကိုပါ ပိတ်ဖို့ ညွှန်ကြားထားတာရှိကြောင်း လသာမြို့နယ်နေ ပြည်သူတယောက်က ပြောပါတယ်။
လသာမြို့နယ်နေ ပြည်သူတယောက်က “အခု အခြေအနေကတော့ အဲဒီ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်တဲ့သူ ပိုများလာတယ်လို့ ကြားရတယ်။ အဲလို ပိုများလာလို့လည်း သူတို့ လမ်းဘေးဆိုင်တွေ ပိတ်တာပေါ့နော်။ နာမည်ကြီး ကျနော်တို့ ၁၉ လမ်းတောင် ၇ ရက်ကနေ ၁၀ ရက်လား အဲ့လောက်ထိအောင်ပိတ်မယ်၊ ပိတ်ရမယ်ဆိုပြီးတော့ ပြောနေတာတွေ ရှိတယ်။ ဝမ်းပျက်ဝမ်းလျှော ဒီတခေါက်ဖြစ်တဲ့ဟာ ပြင်းထန်တယ်ဆိုပြီးတော့လည်း ကြားရပါတယ်။ လမ်းဘေးဆိုင်တွေကတော့ သူတို့ရဲ့ စားဝတ်နေရေး ဆိုပေမဲ့လည်း ဒီလို အခုလိုဖြစ်နေတဲ့အချိန်မှာတော့ လမ်းဘေးဆိုင်တွေကို သေသေချာချာ ကြပ်မတ်စစ်ဆေးတာတွေ အဲ့လိုမျိုးတွေတော့ လုပ်နိုင်မယ် ဆိုရင်တော့လည်း ကောင်းတာပေါ့နော်။ လက်ရှိ ကျနော် ဒီနေ့အထိ သိရသလောက်ကတော့ ဆေးရုံကြီးတွေမှာတော့ လူနာတွေ တော်တော်များတယ်။ ဒါကတော့ တကယ်ပေါ့နော်” လို့ ပြောပါတယ်။
ပြင်းထန်ဝမ်းပျက် ဝမ်းလျှောကူးစက်ရောဂါ မဖြစ်ရအောင် ရေသန့်၊ အစားအစာသန့်၊ လက်သန့်နဲ့ ယင်လုံအိမ်သာသန့် စတဲ့ သန့်လေးသန့်ကို ဂရုစိုက်ဖို့လိုကြောင်း ကျန်းမာရေးဝန်ထမ်းတွေက သတိပေးနေကြပါတယ်။
ဝေဝေ











