
အစ္စရေး နျူကလီးယားစက်ရုံအနီးရှိ အစ္စရေးတောင်ပိုင်း မြို့ ၂ မြို့ကို အီရန်ဒုံးကျည်တွေ ထိမှန်ခဲ့တာကြောင့် လူ ၁၈၀ လောက် ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မတ် ၂၁ ရက် ညပိုင်းမှာ အာရတ်မြို့နဲ့ ဒီမိုနာမြို့တွေကို ပဲ့ထိန်းဒုံးကျည်တွေ ကျရောက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် အာရတ်မှာ ၁၁၆ ယောက်နဲ့ ဒီမိုနာမှာ ၆၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒီမိုနာမြို့အနီးက နျူကလီးယား သုတေသနစက်ရုံ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဟာ မတ် ၂၁ ရက်က အီရန်ရဲ့ နာတန့်ဇ် နျူကလီးယားစက်ရုံ တိုက်ခိုက်ခံရမှုကို တုံ့ပြန်တာလို့ အီရန်နိုင်ငံပိုင်ရုပ်သံက ကြေညာပါတယ်။
မတ် ၂၂ ရက်မှာလည်း တဲလ်အဗစ်မြို့ကို အီရန်က ဒုံးကျည်နဲ့ ပစ်ခတ်လို့ အနည်းဆုံး ၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အာရတ်နဲ့ ဒီမိုနာမြို့တွေမှာ လူနေအဆောက်အအုံတွေ အကြီးအကျယ် ပျက်စီးခဲ့ပြီး ကလေးငယ်တွေ အပါအဝင် ထိခိုက်ဒဏ်ရာရသူတွေ များပြားခဲ့ပါတယ်။
ဒီဒုံးကျည်တွေကို အစ္စရေး လေကြောင်းရန်ကာကွယ်ရေးစနစ်က မဟန့်တားနိုင်ခဲ့ဘူးလို့ မီးသတ်တပ်ဖွဲ့က အတည်ပြုပါတယ်။
မတ် ၂၂ ရက်မှာတော့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ သမ္မတ အိုက်ဇက် ဟာဇော့ဂ်တို့ဟာ တိုက်ခိုက်ခံရတဲ့ နေရာတွေကို သွားရောက်ခဲ့ပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ဟာ အီရန်ရဲ့ နျူကလီးယားစွမ်းရည်ကို ဖျက်ဆီးဖို့ ရည်ရွယ်ထားပါတယ်။
Source: Reuters










