
ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာနဲ့ ရန်ပုံငွေ လျော့နည်းလာတာတွေကြောင့် ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုဟာ အကျပ်အတည်းအဆင့်ကို ရောက်ရှိနေပြီး ကူညီထောက်ပံ့ရေး အေဂျင်စီတွေမှာ “ပေးစရာ ဘာမှ မရှိသလောက်” ဖြစ်နေပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ် ၂၅ ရက်မှာ သတိပေးလိုက်ပါတယ်။
ယာယီ အမှုဆောင်ဒါရိုက်တာ ကားလ်စကောင်းက အခုဆိုရင် လူပေါင်း သန်း ၃၀၀ နီးပါးက စားနပ်ရိက္ခာ ပြင်းပြင်းထန်ထန် မလုံမလောက် ဖြစ်နေရတာကြောင့် လွန်ခဲ့တဲ့ ၆ နှစ်ကထက် ၃ ဆ ပိုများလာနေပြီဖြစ်ပြီး WFP ဟာ မနှစ်တုန်းက လိုအပ်တဲ့ ရန်ပုံငွေရဲ့ ၄၀ ရာခိုင်နှုန်းပဲ ရရှိခဲ့တယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ရှင်းလင်းပြောကြားခဲ့ပြီးနောက်မှာ ကားလ်စကောင်းက အငတ်ဘေးကြေညာချက် ထွက်လာတဲ့အထိ စောင့်ဆိုင်းနေတာဟာ “တာဝန်ပျက်ကွက်မှု သက်သက်ပဲ” လို့ ပြောဆိုခဲ့ပြီး အရပ်သားတွေ၊ အခြေခံအဆောက်အအုံတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ ချက်ချင်း အရေးယူဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားနဲ့ ပင်လယ်နီ ဝန်းကျင်က အနှောင့်အယှက်တွေနဲ့အတူ ပင်လယ်နက်အရေး တင်းမာမှုတွေ ပေါင်းစပ်လိုက်တဲ့အခါ “သုံးနေရာစလုံး လမ်းကြောင်းပိတ်ဆို့သွားတဲ့ အခြေအနေ” ကို ဖြစ်ပေါ်စေတယ်လို့ သူက သတိပေးခဲ့ပါတယ်။
ကမ္ဘာ့ဂျုံတင်ပို့မှုရဲ့ ၃ ပုံ ၁ ပုံဟာ ဘော့စဖိုးရပ်စ် ရေလက်ကြားကို ဖြတ်သန်းသွားလာနေရတာဖြစ်လို့ ပင်လယ်နက်ဒေသမှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာရင် ကမ္ဘာတဝန်း စားနပ်ရိက္ခာ လုံခြုံရေးအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ ကားလ်စကောင်းက သတိပေး ပြောပါတယ်။
Source: Reuters











