
မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် ထိခိုက်လွယ်တဲ့ လူထုအသိုက်အဝန်းတွေ ပိုမိုငတ်မွတ် ခေါင်းပါးမှုဆီ ရောက်ရှိသွားမဲ့ ခြိမ်းခြောက်မှုတွေရှိနေချိန်မှာ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို စတင်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၃၀ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြစ်ရေတားတာတမံတွေ ကျိုးပေါက်ပြီး ကျေးရွာတွေနဲ့ ရပ်ကွက်တွေ ရေကြီးရေလျှံခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှာ မရှိမဖြစ်လိုအပ်တဲ့ စွမ်းအင်နဲ့ အာဟာရဓာတ်တွေပါဝင်တဲ့ အသင့်စား အာဟာရပြည့် ဘီစကစ်တွေ ဖြန့်ဝေတာတွေနဲ့အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်ခဲ့တာလို့ ဆိုပါတယ်။
WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မိုက်ကယ်ဒန်းဖို့ဒ်က “ရေကြီးတာဟာ ထပ်ခါတလဲလဲ ကြုံတွေ့ရတဲ့ ခြိမ်းခြောက်မှုတခု ဖြစ်ပေမဲ့၊ ဒီနှစ်မှာတော့ ဆိုးရွားတဲ့ အကျပ်အတည်းမျိုးစုံကို အလူးအလဲခံစားနေကြရပြီးသား လူထုအသိုက်အဝန်းတွေကို ပိုပြီး ရိုက်ခတ်မှုရှိစေပါတယ်" လို့ ပြောပါတယ်။
လေးမျက်နှာမြို့နယ်မှာ အရေးပေါ် စစ်ဆေးတွေ့ရှိချက်တွေအရ ကျေးရွာ ၉၈ ရွာနဲ့ ရပ်ကွက် ၅ ခုက ပြည်သူ ၃၂,၀၀၀ ကျော် ရေဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။
WFP ဟာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့် ပြည်သူတွေကို ကူညီပေးနေတဲ့ ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေဆီ အာဟာရပြည့် ဘီစကတ် မက်ထရစ်တန် ၂၀ ပေးပို့ထားတာဖြစ်ပြီး ဒါက ပြည်သူ ၁၀,၀၀၀ ဆီ ရောက်ရှိဖို့ လုံလောက်ပြီး လက်ရှိမှာ ထောက်ပံ့ဖြန့်ဝေမှုတွေကို ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
မိုက်ကယ် ဒန်းဖို့ဒ်က "စားနပ်ရိက္ခာ ရရှိဖို့အတွက် အခက်အခဲ ဖြစ်နေကြရပြီးသား မိသားစုတွေဟာ အခုဆိုရင် အိမ်တွေ ရေမြုပ်တာ၊ သီးနှံတွေ ပျက်စီးတာ၊ သောက်သုံးရေ အရင်းအမြစ်တွေ ညစ်ညမ်းတာနဲ့ ဈေးကွက်တွေ ရပ်ဆိုင်းသွားတာတွေကို ရင်ဆိုင်နေကြရပါတယ်။ WFP အနေနဲ့ ချက်ချင်း စားနပ်ရိက္ခာ အကူအညီပေးနိုင်ဖို့ လျင်မြန်စွာ ဆောင်ရွက်နေပေမဲ့ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွား နေမယ်ဆိုရင် အခြေအနေဟာ ပိုပြီး လျင်မြန်စွာ ဆိုးရွားသွားနိုင်ပါတယ်" လို့ ပြောပါတယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ ရေကြီးမှုရဲ့ အပြည့်အဝ ရိုက်ခတ်မှုအခြေအနေကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပေမဲ့ မြန်မာနိုင်ငံဟာ ပြင်းထန်တဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းနေရချိန်မှာပဲ ဒီရေဘေးနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ပဋိပက္ခတွေ၊ စစ်ဘေးရှောင်ရမှုတွေ၊ စီးပွားရေး အခက်အခဲတွေ၊ ကုန်ဈေးနှုန်းကြီးမားမှုတွေနဲ့ ထပ်ခါတလဲလဲ ကြုံတွေ့ရတဲ့ ရိုက်ခတ်မှုတွေရဲ့ ပေါင်းစပ်ရိုက်ခတ်မှုအောက်မှာ မိသားစုတွေ ရုန်းကန်နေကြရတာကြောင့် ခန့်မှန်းခြေ ပြည်သူ ၁၂ ဒ သမ ၄ သန်းလောက်ဟာ ငတ်မွတ်ခေါင်းပါးမှုကို ခံစားနေကြရပါတယ်။
WFP အနေနဲ့ ရေကြီးမှုရဲ့ ဖြစ်ပေါ်တိုးတက်နေတဲ့ ရိုက်ခတ်မှုတွေကို စောင့်ကြည့်နေပြီး ရေဘေးသင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှာ လိုအပ်ချက်တွေကို ဆက်လက် လေ့လာဆန်းစစ်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်အစိုးရရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ နေပြည်တော် အပါအဝင် နိုင်ငံနေရာအနှံ့မှာ မိုးကြီးနိုင်တယ်လို့ ဩဂုတ် ၁၃ ရက် နေ့လယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက် ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်လို့ ပြည်သူတွေ သတိထားနေထိုင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။











