
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ အမျိုးသား ၃ ယောက် စီးလာတဲ့ စက်လှေ တိမ်းမှောက်တာကြောင့် လူတယောက် သေဆုံး၊ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
သြဂုတ် ၃၁ ရက် မနက်ပိုင်းက အိုင်သပြု-ငါးသိုင်းချောင်း ကားလမ်းပေါ်မှာ ကိုမှတ်ကြီး၊ ကိုသိန်းမင်းအောင်၊ ကိုမြင့်ဦး တို့ ၃ ယောက် စီးလာတဲ့ စက်လှေ တိမ်းမှောက်ခဲ့ပြီး ကိုမြင့်ဦးကို နေ့လယ်ပိုင်းမှာ ရှာဖွေကူညီရေးအဖွဲ့တွေက သေဆုံးလျက် ပြန်လည်ရှာဖွေတွေ့ရှိပြီး ကိုမှတ်ကြီးနဲ့ ကိုသိန်းမင်းအောင်တို့ ၂ ယောက် ရေနစ် ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “အမျိုးသားတွေချည်းပဲ မောင်းလာတဲ့ စက်လှေမှောက်တာ။ တယောက်ပဲ သေဆုံးလျက် ပြန်တွေ့သေးတယ်။ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်” လို့ ပြောပါတယ်။
လှေတိမ်းမှောက်တဲ့ ငါးသိုင်းချောင်း-အိုင်သပြုလမ်းဟာ ရေနစ်မြုပ်နေတာကြောင့် စက်လှေတွေ၊ လှေတွေနဲ့ပဲ သွားလာလို့ရပြီး ရေစီးသန်တဲ့အခြေအနေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူက “လှေမှောက်တယ်၊ သေဆုံးသူ ရှိတယ်လို့ပဲ ဖုန်းသတင်းရတယ်။ အခုလှေမှောက်တဲ့ နေရာက တအားရေစီးသန်တယ်။ စက်လှေဆို မနည်းမောင်းရတာ။ လှေမှောက်နိုင်တဲ့ အခြေအနေရှိတယ်” လို့ပြောပါတယ်။
လှေမှောက်လို့ သေဆုံးသွားသူနဲ့ ပျောက်ဆုံးနေသူ ၂ ယောက်ဟာ အိုင်သပြုရွာဘက်ကို ရေဘေးအလှူ လာလုပ်သူတွေဖြစ်ပြီး ငါးသိုင်းချောင်းမြို့၊ ကြပ်ကွင်းကျေးရွာဘက်က လာတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
သြဂုတ် ၂၇ ရက်ညပိုင်းကလည်း ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်နဲ့ ရွာသစ်ကုန်းကြားရှိ ရွာသစ်ကုန်းတံတားအနီး ရိုးချောင်းအတွင်းမှာ လှေနဲ့ငါးထွက်မျှားတဲ့ အမျိုးသား ၂ ယောက်ဟာ ရေစီးနဲ့မျောပါလှေမှောက်ပြီး တယောက် ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၁၈ ရက်ကလည်း ငါးသိုင်းချောင်းမြို့ ဘုရားလမ်းနဲ့ အောင်ဇေယျလမ်းဆုံဘက်မှာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတယောက် ရေစီးနဲ့မျောပါ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
ငါးသိုင်းချောင်းမြို့မှာ သြဂုတ် ၃၀ ရက်အထိ ရေကြီးရေလျှံနေဆဲဖြစ်ပြီး လူ ၅,၀၀၀ ကျော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေဆီမှာ ပြောင်းရွှေ့ နေထိုင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
လတ်တလော ငါးသိုင်းချောင်းမြို့မှာ ငဝန်မြစ်ရေ မြင့်တက်လာမှုကြောင့်နဲ့ လေးမျက်နှာမြို့နယ်ဘက်က ရေတွေ စီးဝင်လာတဲ့အရှိန်ကြောင့် အောင်ဆန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ရွှေဘိုရပ်ကွက်၊ မြို့သစ်ရပ်ကွက် စတဲ့ ရပ်ကွက်တွေအပါအဝင် ရေကြီးရေလျှံနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။











