DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင် ရခိုင်အစိုးရအဖွဲ့တွင် ရခိုင်ပါတီများက အမတ်များ မပါဝင်
DVB
·
April 11, 2026
Photo : MOI
Photo : MOI
Donate to DVB

စစ်အာဏာရှင်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဝန်ကြီး ၉ ဦးနဲ့အတူ ဧပြီ ၁၀ ရက်မှာ ဖွဲ့စည်းလိုက်ပေမဲ့ ရခိုင်အခြေစိုက်ပါတီတွေက အနိုင်ရအမတ်တွေ တယောက်မှ မပါဝင်လာဘဲ စစ်ကောင်စီရဲ့ လူတွေနဲ့ ကြံ့ခိုင်ရေးပါတီက အမတ်တွေသာ ပါဝင်လာတာကို တွေ့ရပါတယ်။

ကြံ့ခိုင်ရေးပါတီက ၅ ဦးပါဝင်ပြီး စစ်‌ကောင်စီရဲ့ လက်ရှိ ဝန်ကြီး ၃ ယောက်နဲ့ စစ်တပ်က နယ်စပ်ရေးရာဝန်ကြီးတယောက်တို့ ပါဝင်ကြပြီး ရခိုင်အခြေစိုက်ပါတီတွေဖြစ်တဲ့ ရခိုင်ဦးဆောင်ပါတီ (AFP) နဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) က အမတ်တွေ တဦးမှ မပါလာဘူးလို့ သိရပါတယ်။

စစ်အာဏာရှင်အစိုးရအဖွဲ့ ဝန်ကြီး ၉ ယောက်ထဲမှာ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ လူမှုရေးဝန်ကြီး ဦးကျော်စိုး၊ လျှပ်စစ်၊ စွမ်းအင်နဲ့ စစ်မှုဝန်ကြီး ဦးကျော်ဆွေလင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်စိုးဝင်း နဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှတို့ဟာ ကြံ့ခိုင်ရေးပါတီက အနိုင်ရ အမတ်တွေဖြစ်ကြပါတယ်။

နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ စီမံကိန်း၊ စီပွားရေးနဲ့ ဘဏ္ဍရေးဝန်ကြီး  ဦးအောင်ကျော်မိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးသက်ထွန်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်စိုးတို့ဟာ စစ်ကောင်စီရဲ့ အရင် ဝန်ကြီးဟောင်းတွေကို ထပ်မံခန့်အပ်လိုက်တာလည်းဖြစ်ပါတယ်။

စစ်အာဏာရှင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ ရခိုင်ပါတီတွေက အမတ်တွေကို မခန့်အပ်ဘဲ စစ်ကောင်စီက ကြံဖွံ့အမတ်တွေနဲ့ သူ့ရဲ့ ဝန်ကြီးဟောင်းတွေကို ပြန်လည်ခန့်အပ်တာဟာ စစ်ခေါင်းဆောင်ရဲ့ အလိုကျထမ်းဆောင်မဲ့သူတွေကိုသာ ခန့်အပ်တာဖြစ်ပြီး ရခိုင်ပါတီက အမတ်တွေကို လွှတ်တော်မှာ အိမ်ဖြည့်အဖြစ်သာ ထားရှိတာလို့ ရခိုင်နိုင်ငံရေး အကဲခတ်တယောက်က ပြောပါတယ်။

“ရခိုင်ပါတီက အမတ်တွေ တစ်ဦးမှ နေရာပေးတာမတွေ့ရဘူး။ ကြံ့ဖွံ့နဲ့ စစ်ကောင်စီလူတွေကိုပဲ အစိုးရအဖွဲ့မှာ ထည့်ထားတာဟာ စစ်ခေါင်းဆောင် အမိန့်အတိုင်း လိုက်နာမယ့် လူတွေကိုပဲ ထည့်ထားတာဖြစ်တယ်။ ရခိုင်ပါတီတွေအနေနဲ့ လွှတ်တော်မှာ အိမ်ဖြည့်အဆင့်သာ ရှိကြပြီးတော့ ဆုံးဖြတ်ချ ချမှတ်နိုင်တဲ့ နေရာကို တနေရာမှ မရတာဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အနှစ်သာရကို ပေါ်လွင်အောင် ပြသလိုက်တာ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်ထားနိုင်တော့တာဖြစ်ပြီး လွှတ်တော်မှာ ရောက်ရှိနေကြတဲ့ လွှတ်တော်အမတ် အများစုဟာလည်း ပြည်သူကို ကိုယ်စားမပြုတဲ့ အမတ်တွေသာ ဖြစ်ကြတယ်လို့ ရခိုင်နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။

စစ်အာဏာရှင် ရခိုင်ပြည်နယ် လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက အမတ် ၁၂ ယောက်နဲ့ အများဆုံး အနိုင်ရရှိထားတာဖြစ်ပြီး၊ ရခိုင့်ဦးဆောင်ပါတီက အမတ် ၅ ယောက်နဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) က အမတ် ၄ ယောက် ပါဝင်ပြီး စစ်တပ်ကိုယ်စားလှယ် ၁၂ ယောက် စုစုပေါင်း ၃၃ ယောက်နဲ့ ဖွဲ့စည်းထားတာလည်းဖြစ်ပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ကိုလည်း ကြံ့ခိုင်ရေးပါတီက ဒေါက်တာစန်းရွှေနဲ့ ဒေါက်တာထင်လင်းဦးတို့ကို ခန့်အပ်ထားတာဖြစ်ပြီး ရခိုင်ပြည်နယ် စစ်အာဏာရှင် အစိုးရအဖွဲ့နဲ့ လွှတ်တော် အကြီးအကဲအပါဝင် ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့ သူတွေအားလုံးကို ကြံ့ခိုင်ရေးနဲ့ စစ်ကောင်စီရဲ့ လူတွေကို နေရာပေးထားတာလည်းဖြစ်ပါတယ်။

အတုအယောင် ရွေးကောက်ပွဲနဲ့ အသစ်တက်လာတဲ့ စစ်အာဏာရှင် အစိုးရအဖွဲ့ဟာ ပြည်သူကို ကိုယ်စားမပြုသလို ရခိုင်ပြည်မှာလည်း အာဏာစက်သက်ရောက်မှု ကင်းမဲ့နေပြီလို့ နောက်ထပ် နိုင်ငံရေး စောင့်ကြည့်သူ မြောက်ဦးမြို့ခံတယောက်က ပြောပါတယ်။

“ရခိုင်ပြည်ရဲ့ နိုင်ငံရေး အခြေအနေက စစ်ကောင်စီ အစိုးရအဖွဲ့ကို ဘယ်သူမှ စိတ်မဝင်စားတော့ဘူး။ အခု ရွေးကောက်ပွဲနဲ့ တက်လာတဲ့ သူတွေဆိုတာကလည်း ရွေးကောက်ခံပြီး တက်လာကြတဲ့ သူတွေမဟုတ်ဘူး။ စစ်ကောင်စီက မပါမဖြစ်လို့ PR စနစ်နဲ့ ဆွဲတင်ထားတဲ့ သူတွေသာဖြစ်တယ်။ ပြည်သူ့အပေါ်မှာ ကိုယ်စားမပြုအလို ပြည်သူ့အပေါ်မှာလည်း ဘာအကျိုးမှ မလုပ်ပေးနိုင်ဘူး။ အစိုးရအဖွဲ့ရဲ့ အာဏာစက်ကလည်း စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့ပေါက်ကွက်ကွက်လောက်ပဲ သက်ရောက်မှုရှိတော့တာ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်က မြို့နယ် ၁၄ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီမြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍာအပါဝင် မြူနီစီပယ်လုပ်ငန်းတွေကို ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားဆဲ မြိုနယ်တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေထဲ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တို့မှာလည်း အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေ ရှိနေပြီး စစ်ကောင်စီက မြို့ပေါက်လောက်ကိုသာ ထိန်းချုပ်ထားနိုင်တော့တာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013