
ထိုင်းနိုင်ငံမြောက်ပိုင်းမြို့တော် ချင်းမိုင်မှာ HIV ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ဆက်လက်မြင့်တက်နေပြီး ဒါက အများပြည်သူ ကျန်းမာရေးဆိုင်ရာ စိုးရိမ်စရာ အဓိက ကိစ္စတခုအဖြစ် ရှိနေဆဲဖြစ်တယ်လို့ Bangkok Post သတင်းမှာ ဇူလိုင် ၂၇ ရက်က ဖော်ပြပါတယ်။
ထိုင်းကျန်းမာရေး တာဝန်ရှိသူတွေရဲ့ အစီရင်ခံစာအရ စုစုပေါင်း ကူးစက်ခံရသူ ၂၄,၀၀၀ နီးပါး ရှိနေသလို နှစ်စဉ် အသစ်ကူးစက်သူ ၇၀၀ နီးပါးနဲ့ တရက်ကို ပျမ်းမျှ ကူးစက်သူ ၂ ယောက် နီးပါး ရှိနေတယ်လို့ ဆိုပါတယ်။
ချင်းမိုင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အဆိုအရ အဆိုပါ ဗိုင်းရပ်စ်ပိုးဟာ သီးသန့် လူအုပ်စုတွေထဲမှာတင် ကန့်သတ်မနေတော့ဘဲ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တိုင်းရင်းသား လူနည်းစု အုပ်စုတွေ အပါအဝင် လူသိုက်အဝန်း အမျိုးအစား အများအပြားဆီ ကူးစက်ပျံ့နှံ့နေတာလို့ ဆိုပါတယ်။
ထိခိုက်လွယ်တဲ့ အဆိုပါ လူအုပ်စုတွေဟာ ဘာသာစကား ကွဲပြားမှု၊ ဆေးဝါးကုသခွင့် အခွင့်အရေး ကန့်သတ်ခံရမှု၊ မူရင်းအထောက်အထား စာရွက်စာတမ်း မရှိမှုနဲ့ လူမှုရေးအရ ခွဲခြားဆက်ဆံခံရမှာကို စိုးရိမ်မှုတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးမှာ အတားအဆီးတွေနဲ့ မကြာခဏ ရင်ဆိုင်နေရပြီး HIV စစ်ဆေးတာနဲ့ ကုသတာတွေကို ကြာမြင့်စွာ ဆိုင်းငံ့ထားတာ၊ ဒါမှမဟုတ် ရှောင်ရှားတာမျိုးတွေ ပြုလုပ်ကြလေ့ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းကျန်းမာရေး တာဝန်ရှိသူတွေက လိင်ဖျော်ဖြေရေး လုပ်ငန်းလုပ်ကိုင်တဲ့ တိုင်းရင်းသား လူနည်းစု အမျိုးသားတွေအကြား HIV ကူးစက်မှုနှုန်း ၃ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံခဲ့ပြီး ဒါဟာ ကာကွယ်ရေး ဝန်ဆောင်မှုတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိရေးမှာ ဟာကွက်တွေ ရှိနေဆဲဆိုတာကို မီးမောင်းထိုးပြနေတာလို့ ဆိုပါတယ်။
အသက် ၁၅ နှစ်ကနေ ၂၄ နှစ်ကြား လူငယ်တွေဟာ စိုးရိမ်မှု မြင့်တက်လာနေတဲ့ တခြား လူအုပ်စုတစု ဖြစ်သလို တနိုင်ငံလုံး အတိုင်းအတာနဲ့ အသစ်ကူးစက်မှု အားလုံးရဲ့ ၄၉ ရာခိုင်နှုန်းနီးပါးဟာ ဒီအသက်အုပ်စုအတွင်းမှာ ဖြစ်ပွားနေတာပါ။
တာဝန်ရှိသူတွေက ဒီလိုဖြစ်ရတာဟာ လိင်ပိုင်းဆိုင်ရာ ပြုမူနေထိုင်မှု အပြောင်းအလဲတွေ၊ HIV ကာကွယ်ရေးဆိုင်ရာ အသိပညာ ဗဟုသုတ နည်းပါးတာနဲ့ လူငယ်တွေနဲ့ သင့်တော်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ ရရှိရေး ကန့်သတ်ချက်တွေကြောင့်ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။
အသက် ၂၅ နှစ်ကနေ ၄၉ နှစ်ကြား လူကြီးတွေကတော့ အသစ်ကူးစက်သူ အရေအတွက် အများဆုံးအဖြစ် ဆက်လက်ရှိနေပြီး သူတို့ဟာ လူမှုရေးအရရော လိင်ပိုင်းဆိုင်ရာပါ အတက်ကြွဆုံး အသက်အုပ်စု ဖြစ်တာကြောင့် ဆက်လက် အသိပညာပေးရေး၊ ပုံမှန်စစ်ဆေးရေးနဲ့ ကုသမှု ပိုမိုရရှိရေးတို့အတွက် အဓိက ပစ်မှတ်အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
ဒီဂျစ်တယ်ခေတ်မှာ ပြုမူနေထိုင်မှု အပြောင်းအလဲတွေဟာ အန္တရာယ်အသစ်တွေကို ဖြစ်ပေါ်စေတယ်လို့လည်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သတိပေးထားပါတယ်။
ဒေသတွင်း အချက်အလက်တွေအရ အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူ (MSM) တွေရဲ့ ၆၁ ဒသအ ၉ ရာခိုင်နှုန်းဟာ မသိကျွမ်းဖူးသူတွေနဲ့ တွေ့ဆုံဖို့နဲ့ လိင်ဆက်ဆံဖို့အတွက် Dating App တွေကို အသုံးပြုကြပြီး ဒီလိုပြုမူတာဟာ Mpox အပါအဝင် အခြား လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေအပြင် HIV ကူး စက်နိုင်ခြေကိုပါ မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေဟာ အထူးသဖြင့် ဘေးဖယ်ခံထားရတဲ့ လူအုပ်စုတွေ၊ လူငယ်တွေနဲ့ တခြား အန္တရာယ်များတဲ့ လူအုပ်စုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးမှာ မညီမျှမှုတွေကို လျှော့ချဖို့ လိုအပ်နေတာကို ပြသနေတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါကြောင့်မို့ ကျန်းမာရေးတာဝန်ရှိသူတွေဟာ HIV စစ်ဆေးတာ၊ မထိတွေ့မီ ကြိုတင်ကာကွယ်ဆေး (PrEP)၊ ထိတွေ့ပြီးနောက် အရေးပေါ်ကာကွယ်ဆေး (PEP) နဲ့ အချိန်မီ ကုသမှုတွေ ပိုမိုရရှိစေဖို့ ဖန်တီးပေးရင်း ဒီဂျစ်တယ် ပလက်ဖောင်းတွေကနေတဆင့် အများပြည်သူ အသိပညာပေးတာတွေ ပိုမိုအရှိန်မြှင့်ဖို့၊ ပိုမိုလွှမ်းခြုံမှုရှိတဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေပေးဖို့နဲ့ HIV ဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်ဖို့ တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။










