DVB Logo
Home
မြန်မာသတင်း
အာဆီယံတွင် လုံခြုံမှုအရှိဆုံး မြို့အဖြစ် ချင်းမိုင်ကို ရွေးချယ်သည့်အပေါ် မြန်မာများအမြင်
DVB
·
September 29, 2026
Photo : DVB
Photo : DVB
Donate to DVB

မြန်မာတွေအများစု အခြေချနေထိုင်ဖို့ ရွေးချယ်ကြတဲ့ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မြို့ဟာ ဘန်ကောက်နဲ့ စင်ကာပူကို ကျော်ပြီး အာဆီယံမှာ အလုံခြုံဆုံးမြို့အဖြစ် ရွေးချယ်ခံရပါတယ်။ 

ဆားဘီးယားနိုင်ငံအခြေစိုက် Numbeo သုတေသနဝက်ဘ်ဆိုက်က ထုတ်ပြန်လိုက်တဲ့ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက် စာရင်းတွေအရ ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့ဟာ ဘန်ကောက်နဲ့ စင်ကာပူမြို့ တွေထက် ကျော်လွန်ပြီး အာဆီယံဒေသတွင်း အလုံခြုံဆုံးမြို့အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ 

အာဆီယံရဲ့ အခြားအလုံခြုံဆုံးမြို့တွေလို့ သတ်မှတ်ခံထားရတဲ့ စင်ကာပူ၊ ဒါဗာအို၊ ပီနန်၊ ဟနွိုင်း၊ မာကာတီ၊ ဘန်ကောက်၊ အီလိုအီလို၊ ပတ္တရားနဲ့ စီဘူးမြို့တွေထက် ဘေးကင်းရေးညွှန်းကိန်း ၇၈ ဒသမ ၀ နဲ့ ကမ္ဘာ့အဆင့် ၁၈ နေရာမှာ ရပ်တည်နေသလို အာဆီယံဒေသတွင်းမှာဆိုရင် ထိပ်ဆုံးကနေ ဦးဆောင်နေတာပါ။ 

တဖက်မှာလည်း နိုင်ငံရေး၊ စီးပွားရေးနဲ့ ပညာရေးစတဲ့ အကြောင်းတွေကြောင့် မြန်မာနိုင်ငံကို စွန့်ခွာလာသူအများစုကလည်း ထိုင်းနိုင်ငံရဲ့ တခြားမြို့တွေထက် ကုန်ကျစရိတ်သက်သာတာနဲ့ ဘေးကင်းလုံခြုံမှုတွေကြောင့် ချင်းမိုင်မြို့ကို ရွေးချယ်အခြေချလာကြပါတယ်။

ထိုင်းအစိုးရရဲ့ အလုပ်အကိုင်ဦးစီးဌာန စာရင်းတွေအရ ချင်းမိုင်ပြည်နယ်အတွင်း တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တသိန်းကျော် ရှိနေပြီး ကျန်းမာရေး၊ ပညာရေးနဲ့ အလယ်အလတ်တန်းစား အခြေချသူများပါ ပေါင်းထည့်ပါက သိသာထင်ရှားတဲ့ လူဦးရေပမာဏတခုက အခြေချနေထိုင်လျက်ရှိပါတယ်။ အဲဒီလို ခိုင်မာတဲ့ လူမှုအသိုက်အဝန်း အခြေခံအုတ်မြစ်တွေ၊ လုံခြုံတဲ့ ပတ်ဝန်းကျင်နဲ့ မြန်မာပြည်နဲ့ မဝေးလှတဲ့ ပထဝီဝင် အနေအထားတွေက မြန်မာနိုင်ငံသားတွေအတွက် ချင်းမိုင်မြို့ကို အိမ်လိုခံစားစေရတယ်လို့ လက်ရှိ ချင်းမိုင်မှာပဲ အခြေချဖို့ ဆုံးဖြတ်ထားတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတယောက်က ရှင်းပြပါတယ်။

“ကျမတို့ အခုအချိန်အထိ နေခဲ့တဲ့ကာလမှာဆိုရင်လည်း အရမ်းဆိုးဆိုးဝါးဝါးအကြမ်းဖက်မှုတွေ မကြားဖူးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြို့ထဲမှာဆိုရင်လည်း အရမ်းစည်ကားသိုက်မြိုက်တဲ့ နေရာဖြစ်ရင်လည်း ကိုယ်ရောက်သွားတဲ့အခါကျရင် ဒီပျော်ရွှင်မှုတခုကိုခံစားရတယ်။ စိတ်မလုံခြုံမှု ဆိုတာမျိုးတွေ၊ ငါ့နောက်က တခုခုများလိုက်နေလား ဘာညာ အဲ့လိုမျိုးလည်းမရှိဘူးပေါ့နော်။ သွားချင်တဲ့အချိန်သွား၊ ပြန်ချင်တဲ့အချိန်ပြန်လာ အန္တရာယ်များတဲ့ အပြုအမူမျိုးတွေ တခါမှ မကြုံဖူးဘူး၊ လုံခြုံတယ်လို့ ခံစားရတယ်။”

လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်နဲ့ မတည်ငြိမ်မှုတွေကြောင့် မိဘအများစုက သားသမီးတွေရဲ့ အနာဂတ် ပညာရေးအတွက် ပြည်ပထွက်ဖို့ ရွေးချယ်တဲ့အခါ ဘန်ကောက်ထက် ချင်းမိုင်ကိုပဲ အများစုက ညွှန်းကြတယ်လို့ ကျောင်းသားမိဘတွေက ဆိုပါတယ်။ 

လုံခြုံအေးချမ်းတဲ့ ပတ်ဝန်းကျင်က မိဘတွေရဲ့ စိုးရိမ်ပူပန်မှုကို ဖြေလျှော့ပေးရုံသာမက ကလေးတွေ အတွက်လည်း စိတ်ဖိစီးမှုကင်းစင်တဲ့ ပညာသင်ယူမှု အခွင့်အလမ်းတွေကို ဖန်တီးပေးထားတဲ့ အတွက် ချင်းမိုင်မှာ နေဖြစ်သွားတာလို့ ကျောင်းသားမိဘတစ်ယောက် ပြောပါတယ်။

“တခြားမြို့တွေနဲ့မတူဘဲ ချင်းမိုင်ကိုရွေးချယ်ဖြစ်တဲ့ အဓိကအကြောင်းရင်းကတော့ ထိုင်းဒေသခံတွေ ပေါ့၊ ချင်းမိုင်ဒေသခံတွေရဲ့ နွေးထွေးမှုကြောင့်လို့တော့ ပထမဆုံးပြောချင်တယ်။ တခြားတိုင်းပြည် တခုကို ရောက်နေတယ်လို့ မခံစားရဘဲနဲ့ ကိုယ့်တိုင်းပြည်ထဲမှာပဲနေရတယ်ဆိုတဲ့ ခံစားမှုကို ထိပ်ဆုံးစရတယ်။ မြန်မာနိုင်ငံမှာ နေတုန်းကဆိုရင် ကျနော့်ကလေးတွေက မနက်မိုးလင်းရင် ကျောင်းသွားမယ်၊ ညနေပြန်လာမယ်၊ အိမ်ထဲမှာ စာတကုပ်ကုပ်နဲ့ လုပ်မယ်။ ပတ်ဝန်းကျင်နဲ့ သဟဇတမတည့်ဘူး၊ သူတို့ လူမှုဆက်ဆံရေးတွေ ညံ့လာတယ်။ ပြီးရင် တယောက်နဲ့ တယောက် Relationship တွေကအစ Communication တွေကအစ အကုန်လုံးလိုအပ်တဲ့ဟာကို ရောက်မလာဘူးပေါ့။ ဒီကိုရောက်လာတဲ့အချိန်မှာတော့ အဲ့ဟာတွေ တော်တော်များများ ပျောက်သွားတဲ့အပြင် သူတို့ ကျောင်းစာကို ပျော်ပျော်ရွှင်ရွှင်နဲ့ သင်နိုင်တယ်ဆိုတာကိုတော့ ကျနော်တွေ့လာရတယ်။ လုံခြုံမှုအနေနဲ့ဆိုရင်လည်း ကလေးတွေပဲဖြစ်ဖြစ် ဒီမှာဆိုလို့ရှိရင်ဗျာ ဘားတွေ ကလပ်တွေလည်းရှိပါတယ် ထိုင်းနိုင်ငံရဲ့အနေအထားအရ။ ဒါပေမဲ့ စနစ်တကျ အကုန်လုံးက ဥပဒေနဲ့ထိန်းချုပ်ထားတော့ အသက်မပြည့်တဲ့ ကလေးတွေဆိုရင် ဘယ်ဆိုင်မှာ ဘာမဝယ်ရဘူး ဘယ်ဆိုင်ကို မဝင်ရဘူးဆိုတာက စနစ်တကျ လိုက်နာကြတယ်။ အဲ့အတွက်ကြောင့်လည်း ကိုယ်က သားသမီးကို ဘယ်ပဲသွားသွား စိတ်ချလက်ချလွှတ်နိုင်တယ်ပေါ့။ သူတို့လုံခြုံရေးအတွက် သူတို့ကိုယ်တိုင်ကလည်း သူတို့ကိုယ်တိုင် လုံခြုံနေတယ်လို့ ခံယူထားတဲ့အတွက် သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေမြင့်တယ်။ အဲ့တော့ မိဘအနေနဲ့ ဘယ်မသွားနဲ့၊ ညာမသွားနဲ့ဆိုတာ လိုက်ပြောနေစရာမလိုအောင်ထိကို Safe ဖြစ်တယ်လို့ ကျနော်တော့ ခံစားရတယ်။”

ဒီလို ပညာရေးနဲ့ လုံခြုံရေး အားသာချက်တွေအပြင် တခြားသော အချက်တွေကလည်း မြန်မာနိုင်ငံသားတွေကို ချင်းမိုင်မြို့မှာ အခြေချဖို့ ဆွဲဆောင်နေပါတယ်။ 

ဘန်ကောက်လို မြို့ကြီးတွေထက် နေထိုင်မှုနဲ့ စားသောက်စရိတ် သိသိသာသာ သက်သာတာ၊ တောင်တန်းတွေနဲ့ ဝန်းရံထားပြီး အေးချမ်းတဲ့ ရာသီဥတုရှိတာတွေက စိတ်ဖိစီးမှုတွေကို ပြေလျော့စေတယ်လို့ ချင်းမိုင်ရောက်မြန်မာအများစုက ပြောပါတယ်။

ဒါကြောင့် အခြေချဖို့ ဆုံးဖြတ်ထားပါက တရားဝင်နေထိုင်ခွင့်၊ လုပ်ငန်းခွင်ဆိုင်ရာ ဥပဒေစည်းမျဉ်းတွေနဲ့ ဒေသတွင်း ပြောင်းလဲလာနိုင်တဲ့ လူမှုစီးပွားရေးစိန်ခေါ်မှုတွေကိုလည်း သတိပြုနေထိုင်ကြဖို့ လေ့လာသူတွေက ထောက်ပြထားပါတယ်။ 

အထူးသဖြင့် ရွှေ့ပြောင်းနေထိုင်သူဦးရေ တိုးလာတာနဲ့အတူ ကြုံတွေ့လာနိုင်တဲ့ ကုန်ကျစရိတ် ကြီးမြင့်လာတာတွေနဲ့ အလုပ်အကိုင် အပြိုင်အဆိုင်တွေကိုပါ ကြိုတင်တွက်ဆ ဆင်ခြင်ကြဖို့ လိုအပ်ကြောင်း အကြံပြုထားကြပါတယ်။ 

မောရစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013