
အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင် နိုဝင်ဘာ ၁၂ ရက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေပြီး အာဆီယံ မူ ၅ ချက်နဲ့ နယ်စပ်ရေးရာကိစ္စတွေကို စစ်အာဏာရှင် နဲ့ ဆွေးနွေးဖို့ ရှိနေပါတယ်။
အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆက်က နိုဝင်ဘာ ၃ ရက် ပေကျင်းမှာ ပြုလုပ်တဲ့ အစည်းအဝေး အပြီး မီဒီယာတွေကို ပြောခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ စစ်အာဏာရှင် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ ဖုန်းပြောခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးက ထုတ်ပြန်ပါတယ်။
အခုခရီးစဉ်မှာ မြန်မာနိုင်ငံရဲ့ ရပ်တည်မှု၊ သဘောထားကို သိလိုတာကြောင့် ဖြစ်သလို ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့လည်း ဆီဟဆက်က ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်ဟာ လာမဲ့ နိုဝင်ဘာ ၁၆ ကနေ ၁၉ ရက်အတွင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင် နိုဝင်ဘာ ၁၂ ရက်မှာ ဖြစ်ပေါ်လာမှာပါ။
ထိပ်သီးအစည်းအဝေးမှာတော့ အာဆီယံရဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်ဆိုင်ရာ စံသတ်မှတ်ချက်တွေ ဒါမှမဟုတ် အစိတ်အပိုင်းတွေကို ဆွေးနွေးဖို့ ရှိနေတဲ့အကြောင်း အာဆီယံ အရေး ကျွမ်းကျင်သူ ကိုဝင်းမင်းက ပြောပါတယ်။
“ထိုင်းအစိုးရအနေနဲ့ မြန်မာ့အရေး မတည်ငြိမ်မှုတွေကနေ ထိုင်းနိုင်ငံ၊ ထိုင်းပြည်သူတွေအပေါ်ကို သက်ရောက်လာတာ ရှိပါတယ်။ ဒါကြောင့် မြန်မာ့အရေးကို နောင် ၅ နှစ် အတွင်းမှာ အဖြေရှာဖို့ ထိုင်းအစိုးရကနေ ပြင်ဆင်နေတာ ရှိပါတယ်။ ဒါကြောင့် လက်ရှိ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်က အာဆီယံရဲ့ မြန်မာအပေါ်မှာ မူ၊ လုပ်ငန်းစဉ် သက်ရောက်မှု ရှိနိုင်လားဆိုတော့ သက်ရောက်နိုင်ပါတယ်။ လက်ရှိလည်း အာဆီယံမှာ လုပ်ငန်းစဉ်တွေ ပြင်နေတာ ဖြစ်တဲ့အတွက် လာမဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ နောက်ဥက္ကဋ္ဌ စင်ကာပူရယ်၊ ၂၀၂၈ ဥက္ကဋ္ဌ ထိုင်းနိုင်ငံရယ်၊ လက်ရှိဥက္ကဋ္ဌ ဖိလစ်ပိုင်ရယ် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတဲ့ အသေးစိတ် လုပ်ငန်းစဉ် ထွက်လာနိုင်မယ်လို့ ထင်ပါတယ်။”
ဒါ့အတူ ၂၀၂၈ မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဖို့ ရှိနေတဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ရေရှည်ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေတာ ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လမှာတင် ထိုင်းအစိုးရအနေနဲ့ စစ်အာဏာရှင်ရော လူမျိုးစု တော်လှန်ရေးအဖွဲ့တွေအပြင် SCEF နဲ့ ဆွေးနွေးခဲ့တာ ရှိပါတယ်။
ဒါ့အပြင် အခုခရီးစဉ်ဟာ ထိုင်း-မြန်မာနယ်စပ်က ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ထိုင်းနိုင်ငံဘက်ကို လက်နက်ကြီးတွေ ကျရောက်လို့ အဆောက်အအုံ ပျက်စီးမှုတွေ၊ ထိုင်းပြည်သူတွေ ထိခိုက်မှုတွေ ရှိနေချိန်မှာ ဖြစ်ပေါ်လာမှာပါ။
ထိုင်း-မြန်မာနယ်စပ်နေ ကရင်နိုင်ငံရေးလေ့လာသူတယောက်က “စကမနဲ့ လာတွေ့တဲ့အခါကျရင် ဒီနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အကြောင်းအရာတခုတည်း မဟုတ်ဘဲနဲ့ Scam စင်တာတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေပါမယ်။ နောက်တခုကျတော့ နယ်စပ်ကုန်သွယ်ရေးကိစ္စတွေ ပါမယ်ပေါ့နော်။ ဒီတရားမဝင်အဖွဲ့အစည်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ဒါ ကုန်စည်စီးဆင်းမှုတွေ ကုန်သွယ်ရေးလုပ်ငန်းတွေ မလုပ်ဖို့ ဆိုပြီးတော့ တားမြစ်တဲ့ စာတစောင်ကိုလည်း စကမ က လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ထိုင်းအစိုးရကို ပေးပို့ထားတာ ရှိတယ်ပေါ့နော်။ နောက်ဆက်တွဲအနေနဲ့က အခု ထိုင်းမှာ တရားမဝင် ဝင်ရောက် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ၊ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့မှ စကမ က တင်းကျပ်လိုက်တဲ့ CI လက်မှတ်တို့ စမတ်ကတ်တို့၊ ပန်းရောင်ကတ်တို့နဲ့ ပတ်သက်ပြီးတော့မှ ထည့်သွင်းဆွေးနွေးလိမ့်မယ်လို့ ကျနော်တို့ ထင်တယ်ပေါ့နော်” လို့ ပြောပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်ဟာ အာဆီယံ မူ ၅ ချက်အပြင် နယ်စပ်ကုန်သွယ်ရေးအပြင် ထိုင်းရောက် မြန်မာတွေပါ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
လက်ရှိအချိန်ထိတော့ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အာဆီယံ ထိပ်သီးအစည်းအဝေး တွေမှာ စစ်အာဏာရှင် တာဝန်ရှိသူတွေ တက်ရောက်ခွင့်ကို အာဆီယံက ပိတ်ပင်ထားပါတယ်။
စိုးသူအောင်











