
ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော်ချင်းမိုင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက စည်ပင်အရာရှိတွေ ပါဝင်ပတ်သက်နေတဲ့ လောင်းကစားဝိုင်းကြီး ၂ ခုကို တာဝန်ရှိသူတွေ ဝင်ရောက်စီးနင်းပြီး လောင်းကစားသမားတွေနဲ့ ဆက်နွှယ်သူ ၁၀၀ ကျော်နဲ့ လောင်းကစားငွေ ဘတ် ၂ သန်းကျော် ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း ပြည်ထဲရေးဒုဝန်ကြီး ဦးဆောင်တဲ့ တာဝန်ရှိသူတွေက စက်တင်ဘာ ၁၉ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ချင်းမိုင်မြို့ ချန့်ဖိုတ်နဲ့ ဟိုင်ယားရပ်ကွက်က လောင်းကစားရုံ ၂ ခုဟာ ၂၄ နာရီဖွင့်လှစ်ပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပြုကြောင်း တိုင်ကြားချက်ရထားတာကြောင့် အုပ်ချုပ်ရေးဌာန စုံစမ်းစစ်ဆေးရေးဘက်က လူလွှတ်ပြီး စုံစမ်းထောက်လှမ်းခဲ့တယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဖွန်းလ်ဖီး ဆုဝမ်းချဝီက ပြောပါတယ်။
အဲဒီမှာ အမှန်တကယ်ပဲ လောင်းကစားဝိုင်းမျိုးစုံဖွင့်ထားကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထားတွေပါ ရခဲ့တာကြောင့် စက်တင်ဘာ ၁၈ ရက်ညက ချန့်ဖိုတ်ရပ်ကွက် ဖတ်ထရဝမ်း လောင်းကစားရုံနဲ့ ဟိုင်ယားရပ်ကွက် ဆီပင်းမိုင်း လောင်းကစားရုံ ၂ ခုကို ဝင်ရောက် စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။
ဆီပင်းမိုင်းကစားဝိုင်းမှာ အပြင်ကနေကြည့်ရင် တိုက်ခန်းတွဲအဟောင်းကြီးဖြစ်ပေမဲ့ စီစီကင်မရာတွေ တပ်ထားပြီး ဝင်ပေါက်မှာ လုံခြုံရေးအစောင့်တွေရှိတယ်၊ တိုက်ခန်းဒုတိယထပ်မှာ ကာစီနို၊ ဟိုက်လို၊ ငါးပစ်ဂိမ်းစ်၊ အန်စာတုံး/ရုပ်ပုံ စတဲ့ လောင်းကစားမှုမျိုးစုံ၊ နိုင်ငံတကာငွေလွှဲ ဝန်ဆောင်မှု စတာတွေရှိတယ်လို့ ဆိုပါတယ်။
အထဲဝင်မဲ့သူတွေဟာ လုံခြုံရေးရဲ့ အစစ်ဆေးအရင်ခံရပြီး လက်ကိုင်ဖုန်းတွေ အပ်ထားရတယ်။ ချန့်ဖိုတ်ဆန်တိထမ်းနယ်မြေ လောင်းကစားဝိုင်းမှာလည်း အလားတူ ဝန်ဆောင်မှုတွေ ရှိတယ်။ တာဝန်ရှိသူတွေ ဝင်စစ်ချိန် အနီးက ဖုန်းတလုံး အသံမြည်လာပါတယ်၊ အဆိုပါဖုန်းကို ဒုဝန်ကြီး ကိုယ်တိုင် ကိုင်လိုက်တယ်။ ဖုန်းဆက်လာသူမှာ “ဆော်ထောကောင့်” ဆိုသူ နယ်မြေတွင်း ဩဇာအာဏာရှိ စည်ပင်သာယာရေးကော်မတီဝင် ဖြစ်တယ်၊ သူက ဒုဝန်ကြီးမှန်း သိသွားတော့ ဝေ့လည်ကြောင်ပတ် ဖြေကြားပြီး “ချိုင်း”ဆိုသူကို ပြန်လွှဲချပါတယ်။ ဒုဝန်ကြီးကတော့ ဘယ်သူတွေ ဘယ်လိုပတ်သက်တယ်ဆိုတာ စုံစမ်းသိရှိပြီး ဖြစ်တယ်။ အသေးစိတ်မေးမြန်းဖို့ တွေ့ကြဦးမယ်လို့ ပြောခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။
ဆန်တိထမ်းရပ်ကွက်၊ ဖတ်ထရဝမ်းလောင်းအစားရုံကို ဝင်ရောက်စီးနင်းစဉ် ဝန်ထမ်းတချို့က ဒုတိယထပ် အနောက်ဘက်ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးဖို့ ကြိုးစားပေမဲ့ ပြန်ဖမ်းမိခဲ့တယ်။ ဝန်ထမ်းနဲ့ အလုပ်သမားတွေဟာ ရွှေ့ပြောင်းလုပ်သားတွေဖြစ်ပြီး ကမ္ဘောဒီးယားလုပ်သားက အများဆုံး ပါဝင်တယ်၊ အဲဒီညက ထိုင်းနဲ့ နိုင်ငံခြားသား လောင်းကစားသူပေါင်း ၁၀၀ ကျော်၊ လောင်းကစားဒိုင် ၁၄ ယောက် (၈ ယောက်မှာ နိုင်ငံခြားသားတွေဖြစ်) နဲ့ ကူညီအားပေးသူ ၄ ယောက် စုစုပေါင်း ၁၁၈ ယောက်ကို လောင်းကစားငွေ ဘတ် ၂,၀၀၀,၀၀၀၊ လောင်းကစားပစ္စည်း၊ ငွေစာရင်းစာအုပ်၊ အဆောက်အအုံငှားရမ်းစာချုပ်တွေနဲ့အတူ ဖမ်းဆီးခဲ့တယ်။
သူတို့တွေကို ၁၉၃၅ ခုနှစ် လောင်းကစားဆိုင်ရာ ဥပဒေနဲ့ ၂၀၁၇ ခုနှစ် နိုင်ငံခြားသားလုပ်သားများ စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေတွေနဲ့ တရားစွဲထားပါတယ်။
ဒါ့အပြင် ချန့်ဖိုတ်နယ်မြေရဲစခန်း၊ မြို့တော်ရဲစခန်း အပါအဝင် လောင်းကစားနယ်မြေ အနီးတဝိုက် ရဲစခန်းက စခန်းမှူး ၅ ယောက်ကိုလည်း တာဝန်ဝတ္တရား လစ်ဟင်းမှုနဲ့ စစ်ဆေးအရေးယူဖို့ ရာထူးတာဝန်မှာ ယာယီချထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: Thairath / CH7HD News / MCOT News











