ယူကရိန်း အရှေ့တောင်ပိုင်းရှိ ရုရှားက ထိန်းချုပ်ထားတဲ့ ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံမှာ စက်ရုံပြင်ပကနေ လျှပ်စစ်ဓာတ်အား ပြန်ရနေပြီ ဆိုတာကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က စက်တင်ဘာ ၇ ရက်မှာ အတည်ပြုလိုက်ပါတယ်။
ဖာရိုစ်ပလာဗ်နာ-ဝမ်း ဓာတ်အားလိုင်းကနေတဆင့် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိခဲ့တာဖြစ်ပြီး စက်ရုံဟာ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေပြီလို့ ရုရှားနိုင်ငံပိုင် ရော့စတွမ် နျူကလီးယား ကော်ပိုရေးရှင်း အကြီးအကဲ အလက်ဆီ လီခါချက်ဗ်က ပြောပါတယ်။
နီးပရိုမြစ် မြောက်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် လွန်ခဲ့တဲ့ ဩဂုတ် ၂၀ ရက်တည်းက ဓာတ်အားလိုင်း ပျက်စီးပြီး အပြင်ကနေ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတာ သုံးပတ်နီးပါး ကြာမြင့်ခဲ့တာပါ။
ဒါကြောင့် ဓာတ်အားပေးစက်ရုံတခုလုံး လျှပ်စစ် လုံးဝပြတ်တောက်သွားမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပြီး အရေးကြီးတဲ့ ဓာတ်အားပေးစက်တွေနဲ့ အသုံးပြုပြီးသား နျူကလီးယားလောင်စာ ရေကန်တွေကို အအေးပေးဖို့အတွက် လက်ရှိကျန်ရှိနေတဲ့ ဒီဇယ်ဂျင်နရေတာတွေကိုပဲ အားကိုးခဲ့ရပါတယ်။
ဒါပေမဲ့ ဒီဇယ်လောင်စာလက်ကျန်တွေလည်း နည်းပါးလာနေတာကြောင့် ဒါဟာ နျူကလီးယား မတော်တဆမှုကို ကာကွယ်ဖို့အတွက် အလွန်အရေးပါတဲ့ တိုးတက်မှုတခု ဖြစ်ပါတယ်။
IAEA ညွှန်ကြားရေးမှူးချုပ် ရာဖေးလ် ဂရော့စီ ကြားဝင်စေ့စပ်ပေးမှုနဲ့ စက်တင်ဘာ ၅ ရက်ကစပြီး ၇ ကြိမ်မြောက် ဒေသတွင်း ပစ်ခတ်တိုက်ခိုက်မှု ခေတ္တရပ်ဆိုင်းခဲ့တာကြောင့် ယူကရိန်း နည်းပညာရှင်တွေဟာ ၃ ရက်ကြာ ပြင်ဆင်ရေးလုပ်ငန်းတွေကို စက်တင်ဘာ ၇ ရက် အစောပိုင်းမှာ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ညွှန်ကြားရေးမှူးချုပ် ဂရော့စီက အပစ်အခတ်ရပ်စဲရေးကို သဘောတူညီပေးပြီး အပြင်က လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိအောင် ကူညီပေးခဲ့ကြတဲ့ ရုရှားရော ယူကရိန်းဘက်ကိုပါ ကျေးဇူးတင်ကြောင်းနဲ့ စစ်ပွဲအတွင်း နျူကလီးယား ဘေးကင်းလုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ IAEA ရဲ့ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Source: Reuters











