
ဖင်လန်နိုင်ငံအလယ်ပိုင်း၊ ဆွန်ကာယာ့ဗီမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့မယားထမ်းအပြေးပြိုင်ပွဲမှာ အသက် ၆၁ နှစ်အရွယ် တိုင်စတိုမဲ့ထီနန်က သူ့ရဲ့ ၉ ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။
ပြီးခဲ့တဲ့ ဆောင်းရာသီကမှ ကျောရိုးခွဲစိတ်မှု ခံယူထားရတဲ့ မဲ့ထီနန်ဟာ အခုလို အောင်မြင်မှုရဖို့ အသက်အရွယ်က အတားအဆီးမဖြစ်ဘူးဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။
ဇူလိုင် ၄ ရက်က ကျင်းပတဲ့ပွဲမှာ သူဟာ ပြိုင်ပွဲဝင်အဖော်အမျိုးသမီး ကတ်ဂျာ ကိုဗာနန်ကို ထမ်းပြီး ပန်းတိုင်ကို ပထမဆုံး ဝင်ရောက်နိုင်ခဲ့တာပါ။
နှစ်စဉ်ကျင်းပမြဲပြိုင်ပွဲကို ဒီနှစ်မှာ နိုင်ငံပေါင်း ၁၂ နိုင်ငံက ပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဓိကပြိုင်ပွဲအတွက် စုံတွဲ ၆၀ ပါဝင်ခဲ့ပြီး အသင်းလိုက်ပြိုင်ပွဲမှာတော့ အသင်း ၆ သင်း ပါဝင်ခဲ့ပါတယ်။
ပြိုင်ပွဲမှာ ထူးထူးခြားခြားအနေနဲ့ ဘီးတပ်ကုလားထိုင် အသုံးပြုတဲ့ အမျိုးသမီးတယောက်ကို ထမ်းပြီးပြေးတဲ့ စုံတွဲလည်း ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် ကိုယ်အလေးချိန် ၁၃၅ ကီလိုဂရမ်ရှိတဲ့ အမျိုးသားကို ပြန်ထမ်းပြီး ပြေးတဲ့ အမျိုးသမီးတယောက်လည်း ပါဝင်ခဲ့ပါသေးတယ်။
၁၉၉၆ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲဟာ ကိုဗစ်ကပ်ရောဂါကြောင့် ၂ ကြိမ် ဖျက်သိမ်းခဲ့ရပါတယ်။ အခုနှစ် ကျင်းပတဲ့ပြိုင်ပွဲကတော့ ၂၉ ကြိမ်မြောက် ကျင်းပတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။
Source: Reuters










