
မြန်မာနိုင်ငံသား ၃၅၀ နီးပါးကို ကျောင်းတက်ဖို့ အကြောင်းပြချက်နဲ့ ဖင်လန်နိုင်ငံထဲ ရောက်လာအောင် စီစဉ်ပေးခဲ့တယ်လို့ သံသယရှိတဲ့ ပညာရေးအေးဂျင့်အမှုကို စုံစမ်းစစ်ဆေးနေပြီး ဒီကိစ္စမှာ ငွေကြေးခေါင်းပုံဖြတ် သားကောင်ဖြစ်ခဲ့ရသူတွေကို ဆက်သွယ်လာဖို့ ဖင်လန်အာဏာပိုင်တွေက တိုက်တွန်းလိုက်ပါတယ်။
ဖင်လန်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့က ကျောင်းသားတွေဆီက ငွေကြေးပမာဏ အမြောက်အမြား ကောက်ခံခဲ့တဲ့ ပညာရေးအေးဂျင့်ကို ဖမ်ဆီးပြီးနောက်မှာ မေ ၂၁ ရက်စွဲနဲ့ ခုလို ထုတ်ပြန်လာခဲ့တာပါ။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း အဆိုပါ ပညာရေးအေးဂျင့်ရဲ့ လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးနေတဲ့ ကျယ်ပြန့်တဲ့ အမှုတွဲကြီးတခု ဖြစ်သလို အေးဂျင့်ဟာ အဲဒီကျောင်းသားတွေကို ဖင်လန်နိုင်ငံတဝန်းမှာရှိတဲ့ အထက်တန်းလွန်၊ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းပညာရေး ကျောင်းတွေမှာ တက်ရောက်ဖို့ စီစဉ်ပေးခဲ့တာလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်တွေထဲမှာတော့ အဆိုပါ ကျောင်းသားတွေထဲက တချို့ဆီကနေ ကျောင်းနေရာရရှိရေး၊ နေထိုင်ခွင့်ဗီဇာ လျှောက်ထားပေးရေးနဲ့ ဘာသာစကားအရည်အချင်းစစ်စာမေးပွဲ အကြောင်းပြချက်တွေနဲ့ မတန်တဆ များပြားလွန်းတဲ့ ငွေကြေးပမာဏတွေကို ကောက်ခံခဲ့တယ်လို့ သံသယရှိနေပါတယ်။
ဒါ့အပြင် သားကောင်ဖြစ်ခဲ့ရတဲ့ ကျောင်းသားအများအပြားဟာ အဆိုပါ အေးဂျင့်ဆီမှာ ကြွေးမြီတွေ တင်ကျန်ခဲ့တာကြောင့် ဖင်လန်နိုင်ငံအတွင်းမှာ အကြပ်ကိုင် ခေါင်းပုံဖြတ်ခံရလွယ်တဲ့ အခြေအနေ ရောက်ရှိသွားခဲ့ရတယ်လို့လည်း သံသယရှိထားပါတယ်။
ဒါကြောင့် ဒီရာဇဝတ်မှုရဲ့ သားကောင်ဖြစ်ခဲ့ရနိုင်ခြေရှိတဲ့ မြန်မာကျောင်းသားတွေ အနေနဲ့ သက်ဆိုင်ရာဌာနဆီ လာရောက်အကြောင်းကြား စာရင်းပေးသွင်းကြဖို့ တောင်းဆိုထားတဲ့အပြင် ဒီအမှုနဲ့ပတ်သက်လို့ တခြားသိရှိထားတဲ့ အချက်အလက်၊ ဒါမှမဟုတ် သဲလွန်စတွေကိုလည်း အီးမေးလ်လိပ်စာ [email protected] ၊ WhatsApp ဖုန်းနံပါတ်: 050 3311893 တို့ကို ဆက်သွယ်နိုင်ဖို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနဲ့ အဓမ္မ စစ်မှုထမ်းခိုင်းမှုတွေကြောင့် လူငယ်လူရွယ်တွေဟာ နည်းလမ်းပေါင်းစုံနဲ့ ပြည်တွင်းကနေ ထွက်ခွာနေကြတာမှာ ပြည်ပနိုင်ငံတွေမှာလည်း အဆင်ပြေသူတွေရှိသလို ပွဲစားတွေရဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေ အပါအဝင် အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့နေရသူတွေလည်း ရှိနေတာပါ။











