
၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ရွှေဝါရောင်တော်လှန်ရေးအတွင်းဆန္ဒပြပွဲကို သတင်းရယူနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဂျပန်တင်းထောက် နာဂအီ ခန်ဂျီစံ ကွယ်လွန်ခြင်း ၁၉ နှစ်ပြည့် အထိမ်းအမှတ်အောက်မေ့ဂါရဝပြုပွဲကို စက်တင်ဘာ ၂၇ ရက်က သူ့ရဲ့ဇာတိ အီမဘရီမြို့ မှာကျင်းပတာမှာ မိသားစုဝင်တွေနဲ့ မြန်မာကျောင်းသားတွေ အတူတကွ တက်ရောက်ခဲ့ကြပါတယ်။
ဒီနှစ်အထိမ်းအမှတ်ပွဲမှာ ထူးခြားတာက Imabari Meitoku Tanki Daigaku မှာ ပညာသင်ယူနေတဲ့ မြန်မာတက္ကသိုလ်ကျောင်းသား ၃ ယောက်က နဂအိ ခန်ဂျီစံရဲ့ ညီမဖြစ်သူ အိုဂဝ နိုရီကို နဲ့အတူ နဂအိ ခန်ဂျီစံရဲ့ အုတ်ဂူကို သွားရောက်ပြီး ပန်းပွင့်တွေနဲ့ ဂါရဝပြုအောက်မေ့ပွဲ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာကျောင်းသားတယောက်က နဂအိ ခန်ဂျီစံနဲ့ပတ်သက်ပြီး “အဲအချိန်က မြန်မာနိုင်ငံ ဘာတွေ ဖြစ်နေတယ် ဆိုတဲ့အကြောင်းကို ကမ္ဘာက သိအောင် ဖြန့်ဝေပြောပြပေးခဲ့တဲ့အတွက် ကျနော်တို့ အမြဲကျေးဇူးတင် အောက်မေ့သတိရနေပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လမှာလည်း အိုဂဝ နိုရီကို က အဆိုပါ မြန်မာကျောင်းသားတွေ သင်ကြားနေတဲ့ တက္ကသိုလ်မှာ အထူးသင်ခန်းစာတခု ပြုလုပ်ပြီး အစ်ကိုဖြစ်သူရဲ့ သတင်းထောက်ဘဝနဲ့ မြန်မာနိုင်ငံအကြောင်းကို ဟောပြောခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံ အခြေအနေနဲ့ပတ်သက်ပြီးလည်း “မြန်မာနိုင်ငံရဲ့ အနာဂတ်ကို တာဝန်ယူရမဲ့ လူငယ်တွေဟာ ပညာသင်ယူနိုင်မဲ့ အခွင့်အရေးနဲ့ အလုပ်လုပ်နိုင်မဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေကြပါတယ်။ တရက်စောစော ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်တဲ့ဘဝ ပြန်ရစေချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၇ ရက်က သတင်းယူနေချိန် နဂအီခန်ဂျီ ပစ်ခတ်ခံရမှုဖြစ်ပွားပြီးနောက် သူ သတင်းရိုက်ကူးနေတဲ့ ကင်မရာနဲ့ ဗီဒီယိုကို ပြန်ပေးဖို့ မြန်မာအာဏာပိုင်တွေကို နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) က ကင်မရာကို ရရှိခဲ့ပြီး ဒါရိုက်တာ ဦးအေးချမ်းနိုင်က ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ FCCT မှာ ညီမဖြစ်သူ အိုဂတ နိုရီကိုထံ အခမ်းအနားနဲ့ တရားဝင် ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
နာဂအိ ခန်ဂျီစံဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာလက ရန်ကုန်မြို့လယ်လမ်းမပေါ်မှာ ဘုန်းတော်ကြီးတွေရဲ့ ရွှေဝါရောင် စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကို ကင်မရာနဲ့ မှတ်တမ်းတင်နေစဉ် စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။
ဂျပန်မှာ ပြုလုပ်ခဲ့တဲ့ မှုခင်းဆေးစစ်ချက်အရ သူဟာ ၁ မီတာလောက်သာ ကွာဝေးတဲ့ အနီးကပ်နေရာကနေ ပစ်ခတ်ခံခဲ့ရတယ်လို့ တွေ့ရှိထားပါတယ်။










