
အာရက္ခတပ်တော် (AA) ထိန်းချုပ်တဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၅ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝ မြို့နယ်တို့မှာ ဩဂုတ် ၁ ရက်မှ ၃၁ ရက်အထိ တလအတွင်း စစ်အာဏာရှင်တပ် လေကြောင်း ဗုံးကြဲ လို့ အရပ်သား ၃၇ ယောက်သေဆုံးပြီး အယောက် ၉၀ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သီးသန့် ပြုစု ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့တဲ့ မြို့နယ်တွေမှာ ရခိုင်ပြည်နယ် ဂွမြို့နယ်၊ သံတွဲမြို့နယ်၊ အမ်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ရသေ့တောင်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့က ဖြစ်ကြပြီး အဲဒီမြို့နယ်တွေက အနည်းဆုံးလေယာဉ် ၃ စင်းကနေ ၁၀ စင်းအထိ အသုံးပြုပြီး တခါကြဲရင် ဗုံးအလုံးရေ အနည်းဆုံး ၁၀ လုံးကနေ အလုံး ၁၀၀ ကျော်အထိ ကြဲချတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်တွေ အရသိရပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် သေဆုံးသူတွေအထဲ သံတွဲမြို့နယ်က သေဆုံးသူ ၁၉ ယောက်နဲ့ အများဆုံးဖြစ်ခဲ့ပြီး၊ ဂွမြို့နယ်မှာ ၈ ယောက်၊ အမ်းမြို့နယ်မှာ ၂ ယောက်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ၈ ယောက်တို့ သေဆုံးခဲ့ကြတာဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေအထဲမှာလည်း သံတွဲမြို့နယ်မှာ ၄၀ ယောက်နဲ့ အများဆုံးဖြစ်ခဲ့ကာ ပလက်ဝမြို့နယ်မှာ ၃၃ ယောက်နဲ့ ဒုတိယအများဆုံးဖြစ်ခဲ့ပြီး ဂွမြို့နယ်မှာ ၉ ယောက်၊ မြောက်ဦး မြို့နယ်မှာ ၄ ယောက်၊ အမ်းမြို့နယ် ၃ ယောက်နဲ့ ရသေ့တောင်မြို့နယ်တို့မှာ ၁ ယောက်တို့ အသီးသီး ဒဏ်ရာရရှိခဲ့ ပါတယ်။
အဲဒီသေဆုံးခဲ့တဲ့အထဲမှာ ကလေးငယ် ၈ ယောက်၊ အမျိုးသမီး ၂၀ ယောက်၊ အမျိုးသား ၈ ယောက်နဲ့ ကျား/မ အတိအကျ ခွဲခြားမရရှိသူ ၆ ယောက်တို့ပါဝင်ကြပြီး ဒဏ်ရာရရှိသွားသူတွေမှာ ကလေးငယ် ၁၈ ယောက်၊ အမျိုးသမီး ၁၄ ယောက်၊ အမျိုးသား ၁၇ ယောက်နဲ့ ကျား/မ ခွဲခြားမသိရှိရသေးသူ ၃၉ ယောက်တို့ပါဝင်ကြပါတယ်။
ဩဂုတ်လအတွင်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်မှုဟာ ဇူလိုင်လ ကထက် သေဆုံးသူ ၁၆ ယောက် တိုးလာခဲ့ပြီး ဒဏ်ရာရရှိမှုဟာလည်း ၂၂ ယောက် မြင့်တက် လာခဲ့ တာကို တွေ့ရပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က တခြား စစ်ဖက်ဆိုင်ရာ အဆောက်အအုံတွေနဲ့ တောင်တန်းတွေကို စစ်အာဏာရှင်တပ်တွေလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့ပြီး အသေအပျောက်နဲ့ ထိခိုက်မှု စာရင်းတွေကိုတော့ မသိရှိရပါဘူး။
သံတွဲမြို့နယ်ဟာ စစ်အာဏာရှင်တပ်ရဲ့ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခြင်းကို အခံရဆုံး မြို့နယ်ဖြစ်နှစ် နောက်ဆုံး ၂ အတွင်း သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အများဆုံးဖြစ်ခဲ့ကာ လက်ရှိမှာလည်း ဒေသခံတွေဟာ နေစဉ့်လူမှုဘဝကို ကြောက်စိတ်တွေနဲ့ ရှင်သန်နေကြရတယ်လို့ သံတွဲဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“သံတွဲရဲ့ အခြေအနေက သေဆုံးသူနဲ့ ထိခိုက်သူ အရေအတွက် ဒေတာတွေကို ကြည့်ရင် သိနိုင်ပါတယ်။ စစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို အခံရဆုံး မြို့နယ်တခုဖြစ်သလို အထိခိုက် သေဆုံးမှု အများဆုံးမြို့အဖြစ် နှစ်လ ဆက်တိုက် ရှိလာနေပြီ။ ဒီဟာက ဂုဏ်ယူစရာကောင်းတဲ့ စံချိန်မဟုတ်ဘူး။ ကျနော်တို့ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ အသိတွေ ကိုဆုံးရှုံးလိုက်ရတဲ့ စံချိန်တင် ကိန်းဂဏန်းတွေဖြစ်တယ်။ အခုလည်း နေ့တိုင်း ဘယ်နေ့လာကြဲမလဲ ဘယ်နေ့ ငါအလှည့် ဖြစ်မလဲဆိုတာပဲ နိစ္စဓူဝ ထိုင်စောင့်နေရတဲ့ အခြေအနေမျိုးနဲ့ ပြည်သူတွေဟာ စိုးရိမ်စိတ်၊ ကြောက်စိတ်တွေနဲ့ ရှင်သန်ဖြတ်သန်းနေကြရတာ။”
စစ်အာဏာရှင်တပ်ဟာ ဩဂုတ်လအတွင်းမှာ ရခိုင်က မြို့၊ ရွာတွေကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်တဲ့အခါ အရင်လတွေကလည်း လေယာဉ်အစုအဖွဲ့တွေ တိုးမြင့်သုံးစွဲလာတာ၊ ဗုံးအလုံရေ ရာနဲချီ သုံးစွဲလာတာတွေကိုလည်း စံချိန်တင် တွေ့လာရပါတယ်။
အဲဒီလို ဗုံးကြဲမှုတွေကြောင့် ဓာတုလက်နက်ဗုံးတွေလို့ ယူဆရတဲ့ လက္ခဏာတွေ ရရှိခဲ့ရတာကြောင့် လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဓာတုဗုံး အန္တရာယ်တွေအကြောင်း အသိပေးခဲ့ရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုပုံစံတွေကို ကြည့်ရင် စစ်ရေး ပစ်မှတ်တွေထက် စစ်တပ်ထိန်းချုပ်နယ်မြေအစပ်က မြို့နယ်တွေနဲ့ နယ်စပ်ကုန်သွယ်ရေး အရက မြို့နယ်တွေကို ဦးစားပေးတိုက်ခိုက်ခဲ့တာတွေ့ရတယ်လို့ ရခိုင်စစ်ရေးအကဲခတ် အမျိုးသား တယောက်က ပြောပါတယ်။
“စစ်တပ်ရဲ့ ဩဂုတ် တိုက်ခိုက်မှုတွေ ကြည့်ရရင် တိုက်ပွဲပြင်းထန်နေတဲ့ ဧရာဝတီအစပ်က သံတွဲ၊ ဂွ မြို့နယ်တွေ၊ နတ်ရေကန်အစပ်က အမ်းမြို့နယ်၊ စစ်တွေအစပ်က ရသေ့တောင်မြို့နယ်တွေနဲ့ ကုန်သွယ်လမ်းကြောင်းရှိတဲ့ ပလက်ဝတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာတွေကို တွေ့ရတယ်။ အဓိကတော့ စစ်ရေးပြင်းနေတဲ့ ဒေသက အနီးနားမြို့နယ်တွေကို စစ်ရေး ဖိအားပေးနိုင်ဖို့ကို ကုန်သွယ်ရေးလမ်းကြောင်းတွေကို အဓိက ပစ်မှတ်ထား နှောက်ယှက် ဖိအားပေးလာတာတွေကို ဆက်တိုက်တွေ့လာနေရတယ်။”
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်လည်း ဗုံးကြဲခံရတဲ့ မြို့နယ်တွေက အရပ်သား နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံ အများအပြားလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ အာရက္ခတပ်တော်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ အရှုံးတွေနဲ့ ဆက်တိုက် ရင်ဆိုင် နေကြရတာကြောင့် အရပ်ဖက် ပစ်မှတ်တွေကို ဆက်တိုက် တိုက်ခိုက်လာတာဖြစ်ပြီး ပြည်သူတွေ အနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိပြုကြဖို့လည်း AA က တိုက်တွန်းထားပါတယ်။











