
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲမှာ ဇူလိုင် ၅ ရက် ည ၈ နာရီခွဲဝန်းကျင်က လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် ၆၀ နီးပါးပျက်စီးကာ ဒေသခံပြည်သူ ၂ ယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကူညီဆောင်ရွက်ပေးနေသူတယောက်က “နတ်တလင်းရဲ့ အရှေ့ဘက်ခြမ်းက ရွာ ၂ ရွာ ၃ ရွာလောက်ကို လေဆင်နှာမောင်းတိုက်ခတ်သွားတာပါ။ အဲဒီထဲက ကံသာယာရွာမှာတော့ လူနေအိမ် ၆၀ ကျော် ပျက်စီးပြီး ဦးသန်းဦး တို့ လင်မယားကတော့ အိမ်ပိလို့ ဆေးကုနေရတယ်” လို့ ပြောပါတယ်။
သာယာဝတီမြို့နယ်ထဲက ငဖြူကလေးကျေးရွာမှာလည်း ဇူလိုင် ၅ ရက် ည ၉ နာရီဝန်းကျင်က လေဆင်နှာမောင်းတိုက်ခတ်လို့ ငဖြူကလေး အ.ထ.က(ခွဲ) စာသင်ကျောင်းဆောင် ပျက်စီးသွားပါတယ်။
လေဆင်နှာမောင်းတိုက်ခိုက်ခံရတဲ့ တခြားကျေးရွာတွေကတော့ ဆက်သွယ်ရေးအခက်အခဲကြောင့် ထိခိုက်ပျက်စီးတဲ့ အခြေအနေကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။
ဒေသခံတယောက်က “ကံသာယာရွာကအိမ်တွေ တော်တော်များပျက်စီးတယ်။ ရွာအနောက်ပိုင်းနဲ့ အလယ်ပိုင်းက နေအိမ်တွေ ပျက်စီးတာ များတယ်။ အမိုးလန်တာ၊ ပြိုတာ၊ သစ်ပင်ပိတာတွေပေါ့။ အခုတော့ ကိုယ်ထူကိုယ်ထပဲ ရှင်းလင်းနေကြတယ်။ ဘယ်ကအကူအညီမှ မလာကြသေးဘူး” လို့ ပြောပါတယ်။
အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်ခံရတဲ့ ကျေးရွာတွေဘက်မှာ ဓာတ်တိုင်ကျိုးကျတာတွေအပြင် ဆက်သွယ်ရေးတာဝါတိုင်တွေ ပျက်စီးတာတွေကြောင့် ဆက်သွယ်ရေးခက်ခဲနေသလို အရေးပေါ် အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။










