
တူရကီနိုင်ငံ၊ အန်တာလျာပြည်နယ်၊ ခေပက်ဇ်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူ ၄ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်သားတွေ စတည်းချနေထိုင်ကြတဲ့ ကွန်တိန်နာစခန်း တည်ရှိရာနေရာကို သန်းခေါင်ယံ မတိုင်ခင် လေဆင်နှာမောင်း တိုက်ရိုက်ဝင်ရောက် တိုက်ခတ်ခဲ့တာဖြစ်ပြီး ကွန်တိန်နာ ၂ လုံး ပျက်စီးသွားခဲ့သလို ကရိန်းစက်တလုံးလည်း ပြိုလဲကျခဲ့တယ်လို့ အန်တာလျာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဟူးလူဆီးရှာဟင်းက အတည်ပြုပြောပါတယ်။
ကရိန်းစက် ပြိုလဲကျလာပြီးနောက် ကြောက်လန့်တကြား ဖြစ်သွားခဲ့ကြတဲ့ အလုပ်သမား အများစုဟာ အနောက်ဘက်ဆီ ပြေးလွှားခိုလှုံခဲ့ကြရပါတယ်။
ဒီမတော်တဆမှုကြောင့် အနီးအနားရှိ အိမ်တွေရဲ့ ခေါင်မိုးကြွေပြားတွေ လွင့်ထွက်သွားခဲ့သလို အိမ်ခြံဝင်းတွေ အတွင်းကိုလည်း အပျက်အစီးတွေ လွင့်စင်ကျရောက်ခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာက ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေက လေဆင်နှာမောင်းကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိ၊ မရှိ အပျက်အစီးတွေကြားထဲ ရှာဖွေနေကြပြီး၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကလည်း ဒဏ်ရာရထားတဲ့ အမျိုးသားတယောက်ကို ကူညီကုသပေးနေတာကို တွေ့ရပါတယ်။
Source: Reuters











