
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လေပြင်းတိုက်ခတ်ပြီး သစ်ပင်တွေလဲကျခဲ့တာကြောင့် နေအိမ် ၃ လုံး ပျက်စီးခဲ့ပြီး လူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂ ရက် ည ၇ နာရီခွဲလောက်က ရိုးဂိုးကျေးရွာ၊ ဖားအောက်ကျေးရွာနဲ့ ကြာအင်းကျေးရွာတွေမှာ လေပြင်းတိုက်ခတ်ခဲ့ပြီး သစ်ပင်ကြီးတွေ နေရာအနှံ့ လဲကျခဲ့တာလို့ ဆိုပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် ရိုးဂိုးကျေးရွာဟောင်းမှာ နေအိမ်တလုံး၊ ကြာအင်းကုလားတန်း ကျေးရွာမှာ နေအိမ်တလုံးနဲ့ ကြာအင်း MAX ဆီဆိုင်အရှေ့က နေအိမ်တလုံးပေါ်ကို သစ်ပင်တွေ လဲကျခဲ့တာကြောင့် နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖားအောက်ကျေးရွာရှိ နည်းပညာတက္ကသိုလ် (GTC) ကျောင်းဝင်းအတွင်းက ဝန်ထမ်းအိမ်ရာပေါ်ကိုလည်း သစ်ပင်လဲကျခဲ့ပြီး အမျိုးသမီးတယောက် လက်မောင်းမှာ သစ်သားစိုက်ဝင်ဒဏ်ရာ ရခဲ့သလို အမျိုးသား ၂ ယောက်လည်း လက်ကောက်ဝတ်နဲ့ ခြေထောက်တွေမှာ ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူတယောက်က “လေပြင်းတိုက်ခတ်ပြီး သစ်ပင်တွေ လဲကျတာကြောင့် ဝန်ထမ်းအိမ်ရာထဲမှာနေတဲ့ လူ ၃ ယောက် ထိခိုက်ခဲ့တာပါ။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ထားပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိသူ ၃ ယောက်ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဖားအောက် တိုက်နယ်ဆေးရုံကနေ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ နေရာတွေမှာ မော်လမြိုင်ခရိုင်နဲ့ မြို့နယ်မီးသတ်စခန်းတွေက မီးသတ်ယာဉ်တွေနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။











