
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှာ စစ်မှုထမ်းအတွက် ရောင်းစားခံရတဲ့ စိတ်ကျန်းမာရေး မကောင်းသူ အသက် ၂၂ အရွယ်မောင်ဝေယံအောင်ကို စစ်တပ်က ပြန်ထုတ်မပေးဘဲ စစ်မှုထမ်း အပတ်စဥ် ၂၉ အတွက် သင်တန်းကျောင်းကို ပို့လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့ မနက်က မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ မောရဝတီရေတပ်စခန်းဌာနချုပ် အမှတ် ၄၆ စစ်ရေယာဉ်စု အကူရေယာဉ်အုပ်ချုပ်မှုသင်တန်းကျောင်းမှာ ပြုလုပ်တဲ့ စစ်မှုထမ်းအပတ်စဥ် ၂၉ အတွက် ထောက်ပံ့ငွေပေးအပ်ပွဲမှာ မောင်ဝေယံအောင်ကိုတွေ့ရတာလို့ ဒေသခံတယောက် DVB ကိုပြောပါတယ်။
“မိန်းမနဲ့စိတ်ဆိုးပြီး မိဘအိမ်ဆင်းသွားတယ်။ လမ်းမှာ ကယ်ရီသမားက အုပ်ချုပ်ရေးမှူးနဲ့ပေါင်းပြီး စစ်တပ်ထဲကိုသွားရောင်းစားတယ်။ သိသိချင်းပဲ သူ့မိန်းမက စိတ်ရောဂါသည်ဖြစ်ကြောင်း သူရှိတဲ့ တပ်ကို ဆေးစာအုပ်တွေ အုပ်ချုပ်ရေးမှူးရုံးက ထောက်ခံစာတွေနဲ့ သွားထုတ်တယ်။ စစ်တပ်ဘက်က အကြောင်းမပြန်ဘူး။ အခုအပတ်စဥ် ၂၉ မှာ ရောင်းစားခံရတဲ့ စိတ်ရောဂါသည် ကောင်လေး ပါလာတယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၄ ရက်က မော်လမြိုင်မြို့နယ်၊ မြေနီကုန်းရပ်ကွက်၊ နယ်မြေ ၆၊ ရန်ပြေလမ်းမှာနေတဲ့ စိတ်ကျန်းမာရေးမကောင်းသူ မောင်ဝေယံအောင်ဟာ မိန်းမဖြစ်သူနဲ့စိတ်ဆိုးပြီး မိဘတွေရှိရာ ကြာအင်းဆိပ်ကြီးမြို့နယ်ကို ထွက်သွားတုန်း ရောင်းစားခံရတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကိုပြောပါတယ်။
“၄ ရက်နေ့မှာ ပျောက်တယ်။ မိန်းမဖြစ်သူက ရဲစခန်းတွေမှာ လူပျောက်တိုင်တယ်။ ၂၀ ရက်နေ့မှာ မုပွန်စုဆောင်းရေးတပ်မှာ ရောက်နေတယ်ကြားလို့ သွားထုတ်တော့ ဇေယျာမြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ကယ်ရီသမားက လာရောင်းစားတာလို့ စစ်တပ်ကပြောတယ်။ မိန်းမက စိတ်ကျန်းမာရေးမကောင်းတဲ့သူဖြစ်ကြောင်း သက်သေအထောက်ထားနဲ့ပြတယ်။ စစ်တပ်က ပြန်ထုတ်မပေးဘူး”
မောင်ဝေယံအောင်ကို ကျိုခမီမြို့၊ ဇေယျာမြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ကယ်ရီသမားက စစ်မှုထမ်းအပတ်စဥ် ၂၉ အတွက် လာရောက်ရောင်းချခဲ့တယ်လို့ စစ်တပ်ဘက်က ပြောဆိုကြောင်း သူကပြောပါတယ်။
စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၂ ထဲမှာ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ သားသမီးရှိသူတွေ၊ အမြဲတမ်းကိုယ်လက်မသန်စွမ်းသူတွေနဲ့ ဆေးစစ်ချက်အရ မသင့်လျော်သူတွေ ကို ခေါ်ယူလို့မရဘူးလို့ ဖော်ပြထားပါတယ်။
တောင်ဒဂုံမြိုနယ် ၇၀ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းတဲ့ ကိုဝင်းညွန့်ဦး ဟာလည်း ပြီးခဲ့တဲ့ ၆ လအတွင်းက ပေါ်တာဆွဲဖမ်းဆီးခံရပြီး မိသားစုဝင်တွေက ဆေးမှတ်တမ်းတွေ၊ ထောက်ခံစာတွေနဲ့လိုက်ထုတ်ခဲ့ပေမဲ့ အခုချိန်ထိ စစ်တပ်က ပြန်ထုတ်မ ပေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လနဲ့စက်တင်ဘာလအတွင်းက ရန်ကုန်မှာ လူငယ် ၆ ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တဲ့ အင်းစိန်နဲ့လှိုင်သာယာအရှေ့ပိုင်း အရန်မီးသတ်တပ်ခွဲမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ၁၇ ယောက် ဖမ်းဆီးခံရပေမဲ့ စစ်တပ်ဘက်က တရားဝင် ထုတ်ပြန်တာ မရှိပါဘူး။
အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းခဲ့ပြီး မတ် ၂၄ ရက်မှာ စတင်ခေါ်ယူခဲ့လို့ အခုဆိုရင် အပတ်စဥ် ၃၀ ကို ရောက်ရှိလာပြီဖြစ်ပါတယ်။











