
အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်၊ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့မှာ သစ်ပင်တွေပြိုလဲခဲ့ပြီး မော်လမြိုင်မှာတော့ ရပ်ကွက်တော်တော်များများ ထိခိုက်ပျက်စီးခဲ့ပါတယ်။
မုန်တိုင်းဒဏ်ကြောင့် ငန်းတေး၊ မြေနီကုန်း၊ မဟာမြိုင်၊ သီရိမြိုင်၊ သရက်ကုန်း၊ ကြာအင်း၊ ကျွဲခြံကုန်း၊ စမ်းကြီး၊ သာယာအေး၊ ခရွန်းရှမ်းရွာ စတဲ့ ရပ်ကွက်နဲ့ရွာတွေမှာ သစ်ပင်ကြီးတွေလဲလို့ နေအိမ်ပိတာ၊ လမ်းတွေ ပိတ်ဆို့တာနဲ့ ဓာတ်ကြိုးပြတ်တာတွေ ဖြစ်ခဲ့တယ်လို့ ဘိုဘိုဝင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ထိခိုက်တဲ့နေရာတွေကို မနေ့ကတည်းက မော်လမြိုင် မီးသတ်ဦးစီးဌာနဲ့ မော်လမြိုင်မြို့ပေါ်က လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ညတွင်းချင်း ရှင်းလင်းခဲ့ကြပြီး ဒီနေ့အထိလည်း ရှင်းလင်းနေတာကို တွေ့ရပါတယ်။
မီးသတ်ဦးစီးဌာနကလည်း ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြို့ပတ်လမ်း၊ ကော့ကရိတ်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ချောင်းဦးစေတီလမ်းတို့မှာ မနေ့က လေပြင်းတိုက်တာကြောင့် သစ်ပင်တွေ လဲကျခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မွန်ပြည်နယ်မှာလည်း မိုးသည်းသည်းထန်ထန်ရွာပြီး လေပြင်းတိုက်ခတ်လို့ မုဒုံမြို့၊ ကျောက်တလုံးကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်လမ်းဘေး၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ မြို့မဈေးရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မော်လမြိုင်မြို့နယ်၊ မွန်မင်းလမ်းနဲ့ သရက်တောလမ်းထောင့်မှာ သစ်ပင်တွေ လဲကျပြီး လမ်းပိတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ သာပေါင်းမြို့က အမှတ် ၂ ရပ်ကွက်၊ ဗဟိုလမ်းနဲ့ မြို့သစ် ၆ လမ်း၊ ပုသိမ်မြို့နယ်၊ အမှတ် ၁၀ ရပ်ကွက်၊ စက်ကုန်းလမ်းမကြီးဘေး၊ အမှတ် ၈ ရပ်ကွက်၊ ရွာသာယာနယ်မြေ၊ ရွာသာယာလမ်းနဲ့ အမှတ် ၁၀ ရပ်ကွက်၊ စံပြရပ်၊ သံဖြူကျောင်းလမ်းတို့မှာလည်း သစ်ပင်တွေ လဲကျခဲ့ပြီး နေအိမ်ပေါ် ပိမိတာလည်းရှိတယ်လို့ ထုတ်ပြန်ပါတယ်။
ရန်ကုန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၈၉ ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းက ဓာတ်အားပေးစက်ရုံဝင်းမှာ သစ်ပင်လဲကျခဲ့ပြီး ပဲခူးတိုင်း၊ မိုးညိုမြို့နယ်အတွင်း ဝဲကြီးရွာ အလယ်တန်းကျောင်း အမိုးလန်သလို သစ်ပင်လဲကျပြီး မကွေးတိုင်း၊ အောင်လံမြို့နယ်မှာတော့ ပြည်-အောင်လံ လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၁၇/၄ နဲ့ ၂၁၂/၅ ကြား လက်ဘေးဝဲယာမှာ သစ်ပင်တွေ လဲကျခဲ့တယ်လို့ ဆိုပါတယ်။










