
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးပမ်းခဲ့တဲ့ ရေနံတင်သင်္ဘော ၃ စင်းဟာ ခွင့်ပြုမထားတဲ့ တောင်ဘက်လမ်းကြောင်းကနေ ဖြတ်သန်းဖို့ ကြိုးပမ်းခဲ့တာကြောင့် “စည်းမျဉ်းချိုးဖောက်သူတွေ” ဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရေအောက်မိုင်းတွေကို တိုက်မိကာ ပေါက်ကွဲမီးလောင် ခဲ့တယ်လို့ အီရန် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ရေတပ်က အောက်တိုဘာ ၂၉ ရက်မှာထုတ်ပြန်ပါတယ်။
အဲဒီသင်္ဘောတွေကို ရေလက်ကြားရဲ့ တောင်ဘက် ကမ်းရိုးတန်းအနီးမှာ စွန့်ပစ်ထားခဲ့ကြတယ်လို့ IRGC ရဲ့ တရားဝင်သတင်းဌာနဖြစ်တဲ့ Sepah News မှာ ဖော်ပြပါတယ်။
အဲဒီရေနံတင်သင်္ဘောတွေဟာ သူတို့ရဲ့ ရေဒါနဲ့ လမ်းကြောင်းပြစနစ်တွေ အားလုံးကို ပိတ်ထားကြပြီး သတိပေးချက်တွေကိုလည်း လျစ်လျူရှုကာ “ခွင့်ပြုချက်မရှိတဲ့” တောင်ဘက်လမ်းကြောင်းကနေ ဖြတ်သန်းထွက်ခွာဖို့ ကြိုးစားခဲ့ကြတာလို့လည်း ဆိုပါတယ်။
အဲဒီလမ်းကြောင်းမှာ မိုင်းတွေထောင်ထားပြီးဖြစ်လို့ အဲဒီလမ်းကြောင်းအတိုင်း ဖြတ်သန်းသွားလာမှု ကြောင့် ဖြစ်ပေါ်လာမဲ့ အကျိုးဆက်တွေကို သင်္ဘောပိုင်ရှင်တွေနဲ့ သင်္ဘောသားတွေကပဲ တာဝန်ယူ ရလိမ့်မယ်လို့ IRGC ရေတပ်က သတိပေးထားပါတယ်။
ဒါ့အပြင် အမေရိကန် ဗဟိုကွပ်ကဲရေးဌာနက ဆိုရှယ်မီဒီယာပေါ်မှာ ဖြန့်ဝေနေတဲ့ “စိတ်ကူးယဉ်အမှားတွေ” ကို အလေးမထားကြဖို့လည်း တိုက်တွန်းထားပါတယ်။
လက်တွေ့အခြေအနေကို မြေပြင်မှာပဲ ဆုံးဖြတ်သွားမှာဖြစ်ပြီး ရေလက်ကြားဆိုင်ရာ စည်းမျဉ်းတွေ ကို လျစ်လျူရှုကာ “ရန်လိုနေတဲ့ အမေရိကန်စစ်တပ်ရဲ့ ပံ့ပိုးမှု၊ မကောင်းတဲ့ ရည်ရွယ်ချက်တွေ” နဲ့ ပြုလုပ်လာတဲ့ ဘယ်လိုရန်စမှုကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ အလေးပေး ဖော်ပြထားပါတယ်။
အီရန်နိုင်ငံဟာ ဖေဖော်ဝါရီ ၂၈ ရက်က သူတို့နယ်မြေအပေါ် အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနဲ့ အမေရိကန် ပိုင်ဆိုင်တဲ့ ဒါမှမဟုတ် ဆက်နွှယ်နေတဲ့ သင်္ဘော တွေ ဘေးကင်းစွာ ဖြတ်သန်းခွင့်ကို ပိတ်ပင်လိုက်ပြီး ရေလက်ကြားကို အပြည့်အဝ ထိန်းချုပ် ထားခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











