
ဟော်မုဇ်ရေလက်ကြားကို အမေရိကန်စစ်တပ်နဲ့ ဒေသတွင်း မဟာမိတ်တွေက ထိန်းချုပ်ထားတာ ဖြစ်ကြောင်း အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က အင်္ဂါနေ့မှာ ပြောကြား လိုက်ပြီး အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်ဗိုလ်ချုပ်ရဲ့ ခြိမ်းခြောက် ပြောဆိုမှု တွေကို တုံ့ပြန်ခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပို့စ်မှာ CENTCOM က အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ ပင်လယ်ကွေ့ဒေသတွင်းရှိ မဟာမိတ်တွေရဲ့ ရေနံစိမ်း စည်ပေါင်း ၁၉ သန်းကျော်ကို ရေလက်ကြားကနေ ဖြတ်သန်း သယ်ယူ နိုင်ဖို့ ကူညီပေးခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။
အဲဒီနေ့ အစောပိုင်းက IRGC ရေတပ်ဗိုလ်ချုပ် အလီအက်ဇ်မေးဟာ ဟော်မုဇ်ရေလက်ကြား အနီးအနားကို ချဉ်းကပ်လာတဲ့ ဘယ်အမေရိကန် စစ်သင်္ဘောကိုမဆို နှစ်မြှုပ်ပစ်မယ်လို့ ခြိမ်းခြောက် ခဲ့တာပါ။
အမေရိကန်ရဲ့ တန်ဖိုးကြီး စစ်သင်္ဘောတွေဟာ အီရန် ဒုံးကျည်တွေရဲ့ ရန်က လွတ်အောင် ရေလက်ကြားနဲ့ ကီလိုမီတာ ၇၀၀ အကွာအဝေးအထိ ဆုတ်ခွာသွားခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အမေရိကန်စစ်သင်္ဘောတွေဟာ ထိခိုက်လွယ်တာကြောင့် ဒီရေလမ်းကြောင်းထဲ ဝင်လာဖို့ "သတ္တိမရှိဘူး" လို့ ပြောခဲ့ပြီး ရေလက်ကြား အဝင်ကို ချဉ်းကပ်လာမယ့် စစ်သင်္ဘောမှန်သမျှကို နှစ်မြှုပ်ပစ်ဖို့ အီရန်ဘက်က စောင့်ဆိုင်းနေတယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
Source:Reuters











