
လက်နက်ကျည်ထိမှန်ထားတဲ့ ကုန်တင်သင်္ဘော ၂ စင်း ဟော်မုဇ်ရေလက်ကြားအနီးမှာ ၂၄ နာရီ အတွင်း နစ်မြုပ်သွားတယ်လို့ ရေကြောင်းအာဏာပိုင်တွေက အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။
စင်ကာပူအလံတင် GFS Pride ကွန်တိန်နာသင်္ဘောဟာ အောက်တိုဘာ ၁၃ ရက်က အမျိုးအစား မသိရတဲ့ လက်နက်ကျည်ထိမှန်ပြီး မီးလောင်ခဲ့ရာက နစ်မြုပ်သွားခဲ့ပါတယ်။
သင်္ဘောသား ၂၁ ယောက်လုံးကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ စင်ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။
နောက်ထပ်နစ်မြုပ်ခဲ့တဲ့ အန်တီဂွါ အင်န် ဘာဘူဒါနိုင်ငံ အလံတင် Cape Dao ကုန်ခြောက်တင် သင်္ဘောကတော့ စက်တင်ဘာ ၂၃ ရက်က လက်နက်ကျည်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ သင်္ဘောသားတယောက် သေဆုံးခဲ့ပြီး ကျန်သင်္ဘောသားတွေကို ချက်ချင်း ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အီရန် စစ်ပွဲစတင်ပြီးနောက် ဟော်မုဇ်ရေလက်ကြားတဝိုက် နစ်မြုပ်ခဲ့တဲ့ သင်္ဘောအရေအတွက် ၃ စင်းအထိ ရှိလာပါတယ်။
ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း တိုက်ခိုက်မှုတွေ တိုးမြှင့်တာဟာ အမေရိကန်ရဲ့ ဆိပ်ကမ်းပိတ်ဆို့မှုနဲ့ ပိုတင်းကျပ်လာတဲ့ အရေးယူပိတ်ဆို့မှုတွေကို တုံ့ပြန်တာလို့ အီရန်က ပြောပါတယ်။
အီရန်ကတော့ သင်္ဘောတစင်း ရေမြှုပ်မိုင်းထိမှန်ပြီး နစ်မြုပ်ခဲ့တယ်လို့ ဆိုပေမဲ့ ဗြိတိန် ရေကြောင်းကုန်သွယ်ရေးအဖွဲ့က သင်္ဘော ၂ စင်းလုံး အမျိုးအစားမသိရတဲ့ လက်နက်ကျည် ထိမှန်ခဲ့တယ်လို့ ဖော်ပြပါတယ်။
စင်ကာပူအာဏာပိုင်တွေကလည်း ဒီလိုတိုက်ခိုက်မှုတွေဟာ “အကြောင်းပြချက်မရှိ၊ လက်ခံနိုင်စရာ မရှိဘဲ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်တယ်” လို့ ဝေဖန်ထားပါတယ်။
ရေနံဈေးမြင့်နေစေဖို့နဲ့ နိုဝင်ဘာ ၃ ရက် အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲကို သက်ရောက် စေဖို့ နည်းဗျူဟာသစ်တွေ သုံးနေတယ်လို့ အီရန်အဆင့်မြင့်အရာရှိ ၂ ယောက်က ရိုက်တာကို ပြောပါတယ်။
Source:Reuters











