ကျူးဘားကမ်းလွန်၌ ကုန်တင်သင်္ဘောနစ်မြုပ်ပြီး ၁ ဦးသေဆုံး၊ ၃ ဦး ပျောက်ဆုံးနေ

ကျူးဘားနိုင်ငံ အနောက်ပိုင်းကမ်းရိုးတန်းအနီးမှာ ကွန်တိန်နာ ၂၀၈ လုံး တင်ဆောင်လာတဲ့ ပနားမားအလံတင် ကုန်တင်သင်္ဘော ဟာလီမာဟာ နိုဝင်ဘာ ၂၆ ရက် အစောပိုင်းက နစ်မြုပ်သွားခဲ့ရာမှာ သင်္ဘောသားတယောက် သေဆုံးပြီး ၃ ယောက် ပျောက်ဆုံးနေကာ ကျူးဘားကျွန်းရဲ့ အဓိက ရေကြောင်းလမ်းကြောင်းတခုအနီးမှာ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေတယ်လို့ ကျူးဘားအာဏာပိုင်တွေက ပြောပါတယ်။
အဲဒီသင်္ဘောဟာ အာတီမီဆာပြည်နယ်၊ ကာဘာနာ့စ်ပင်လယ်အော်ရဲ့ မြောက်ဘက် ၃ မိုင် (၅ ကီလိုမီတာ) လောက်အကွာမှာ နစ်မြုပ်သွားခဲ့တာဖြစ်ပြီး သင်္ဘောပေါ်မှာ အီဂျစ်နဲ့ အင်ဒိုနီးရှား သင်္ဘောသား ၁၆ ယောက်လိုက်ပါသွားခဲ့ပါတယ်။
ကြာသပတေးနေ့ နှောင်းပိုင်း ထုတ်ပြန်ချက်အရ သင်္ဘောသား ၁၃ ယောက်ကို ကယ်တင်နိုင်ခဲ့ပေမဲ့ တယောက်ကတော့ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။
ကျန်ရှိနေသေးတဲ့ သင်္ဘောသား ၃ ယောက်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒါ့အပြင် သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ အစိုးရကော်မရှင်တရပ် ဖွဲ့စည်းထားပြီး သင်္ဘောပိုင်ရှင်တွေနဲ့ ပူးပေါင်းကာ ကယ်ဆယ်ရေးတွေကို ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ကျူးဘားနိုင်ငံဟာ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းတခုနဲ့ ရင်ဆိုင်နေရချိန်မှာ သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားခဲ့တာပါ။
ကာရေဘီယံကျွန်းနိုင်ငံဖြစ်တဲ့ ကျူးဘားဟာ စားနပ်ရိက္ခာ၊ လောင်စာဆီနဲ့ တခြားအခြေခံ ကုန်ပစ္စည်းတွေအတွက် ရေကြောင်းတင်သွင်းမှုအပေါ် အလွန်အမင်း မှီခိုနေရတာကြောင့် နာတာရှည် ကုန်ပစ္စည်းပြတ်လပ်မှုတွေ၊ မကြာခဏ မီးပျက်မှုတွေနဲ့ ဖိစီးနေတဲ့ စီးပွားရေးအတွက် ဆိပ်ကမ်းတွေနဲ့ ရေကြောင်းလမ်းတွေဟာ အလွန်အရေးပါတဲ့ အသက်သွေးကြောတွေ ဖြစ်နေပါတယ်။
Source: Reuters











