
၁၉၉၆ ခုနှစ်က မိုင်ယာမီအခြေစိုက် ကျူးဘားဒုက္ခသည်အဖွဲ့ဖြစ်တဲ့ ကယ်ဆယ်ရေးညီအစ်ကိုများ အဖွဲ့ပိုင် လေယာဉ် ၂ စင်း ပစ်ချခံရမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ ကျူးဘားခေါင်းဆောင်ဟောင်း ရာအူးလ်ကက်စထရိုကို ပထမအဆင့် လူသတ်မှုကျူးလွန်ဖို့ ကြံစည်မှုနဲ့ ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ဖလော်ရီဒါပြည်နယ် ရှေ့နေချုပ် ဂျိမ်းစ် အတ်မိုင်ယာက အောက်တိုဘာ ၁၉ ရက်မှာ ကြေညာပါတယ်။
တနင်္လာနေ့က ဖလော်ရီဒါ နိုင်ငံတကာတက္ကသိုလ် ဥပဒေကောလိပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတ်မိုင်ယာက ရထားတဲ့ အထောက်အထားတွေအရ ကြံစည်မှုတခု ရှိခဲ့တာ အလွန်ရှင်းနေပြီး ထောက်လှမ်းရေးသမားတွေက ကက်စထရိုအစိုးရဆီ စီမံကိန်းတွေ၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အချက်အလက်တွေနဲ့ လေယာဉ်ခရီးစဉ်တွေအကြောင်း သတင်းပို့ခဲ့တယ်လို့ ပြောပါတယ်။
သူတို့ဟာ ကွန်မြူနစ်အာဏာရှင်တွေဆီ သတင်းအချက်အလက်တွေ ပေးပို့ခဲ့ပြီး နောက်ဆုံးမှာ အာဏာရှင်တွေက တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တာလို့ အတ်မိုင်ယာက ပြောပါတယ်။
“ရာအူးလ် ကက်စထရိုက လေယာဉ်တွေကို ပစ်ချဖို့ တိုက်တွန်းခဲ့လို့ လူသတ်မှုကျူးလွန်ဖို့ တိုက်တွန်းခဲ့တာ ဖြစ်တယ်။ ဒါ့ကြောင့် ဒီနေ့ ကျနော်တို့က ရာအူးလ် ကက်စထရိုကို ပထမအဆင့် လူသတ်မှုကျူးလွန်ဖို့ ကြံစည်မှုနဲ့ ပြည်နယ်အဆင့် စွဲချက်တင်ပြီး ဖမ်းဝရမ်းထုတ်ကြောင်း ကြေညာတာပါ။”
ဒါ့အပြင် ဒီဖမ်းဝရမ်းက အသက် ၉၅ နှစ်အရွယ်ရှိ ကက်စထရိုရဲ့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်နိုင်တဲ့ လက်တွေ့ကျတဲ့ အကျိုးဆက်တွေ ရှိတယ်လို့ ဖလော်ရီဒါပြည်နယ် ရှေ့နေချုပ်က ဆိုပါတယ်။
ဥပမာအားဖြင့် ကျူးဘားနိုင်ငံပြင်ပဆီ ဆေးကုဖို့သွားရင် အမေရိကန်ကို ရောက်လာပြီး တရားရင်ဆိုင်ရမဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
တာဝန်ခံမှု ရှိစေရေးအတွက် နောက်ထပ် ခြေလှမ်းတလှမ်းလို့လည်း အတ်မိုင်ယာက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် မိုင်ယာမီအခြေစိုက် အဖွဲ့အစည်းတခုက အမျိုးသား ၄ ယောက် သေဆုံးခဲ့ရတာပါ။
ဒီအဖွဲ့အစည်းဟာ ဖလော်ရီဒါရေလက်ကြားမှာ တရားဝင် စာရွက်စာတမ်းမရှိတဲ့ ကျူးဘားဒုက္ခသည်တွေကို ကယ်ဆယ်ရာမှာ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ကို ကူညီပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
ဒီအဖွဲ့ထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ ကျူးဘား ထောက်လှမ်းရေးအရာရှိတွေက လေယာဉ်ခရီးစဉ်ဆိုင်ရာ အချက်အလက်တွေကို ကျူးဘားနိုင်ငံဆီ ပေးပို့ခဲ့တယ်လို့ ဖလော်ရီဒါ ပြည်နယ်ရဲ့ တရားဝင်စွပ်စွဲချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲဒီအချိန်က ကျူးဘားနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ ဒုတိယသမ္မတ-၁ ဖြစ်သူ ကက်စထရိုက တိုက်ခိုက်မှုကို ခွင့်ပြုခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
Source: Reuters











