
ဟော်မုဇ်ရေလက်ကြားကို တရားမဝင်လမ်းကြောင်းကနေ ဖြတ်သန်းမောင်းနှင်လာတဲ့ အကြီးစား ရေနံတင် သင်္ဘောတစင်းဟာ ပင်လယ်ရေအောက်မိုင်းနဲ့ တိုက်မိပြီး မီးလောင်သွားတယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန် ပါတယ်။
ဒီတိုက်မိမှုကြောင့် သင်္ဘောပေါ်မှာ ကြီးမားတဲ့ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး ပြင်းထန်တဲ့ မီးလောင်မှုလည်း ဖြစ်ပေါ်ခဲ့တယ်လို့ IRGC က ထုတ်ပြန်ချက်ကို အယ်လ်ဂျာဇီးယားသတင်းမှာ ဖော်ပြပါတယ်။
ရေနံတင်သင်္ဘောကြီးဟာ ရေနံစိမ်း စည်ပေါင်း ၂ သန်းကျော် တင်ဆောင်လာတာဖြစ်ပြီး အမေရိကန် စစ်တပ်ရဲ့ အကူအညီနဲ့ လမ်းပြစနစ်ရော ရေဒါစနစ်ပါ ပိတ်ထားကာ လှည့်စားတဲ့နည်းလမ်းနဲ့ မောင်းနှင်ခွင့်မပြုထားတဲ့ လမ်းကြောင်းအတိုင်း ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
"ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားလိုက်ပါပြီ" လို့ IRGC ရေတပ်က သတိပေးလိုက်ပြီး၊ အီရန်ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဖောက်ဖျက်ပြီး အမေရိကန်ရဲ့ ကျောထောက်နောက်ခံကို အားကိုးမဲ့ သင်္ဘောတွေအနေနဲ့ ပြင်းထန်တဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း ဖြည့်စွက်ပြော ပါတယ်။
Source:Reuters











