
ဆီစက်လုပ်ငန်းရှင်တွေ လုပ်ငန်းလည်ပတ်နိုင်ရေး အဆင်ပြေစေဖို့အတွက် ချေးငွေထုတ်ပေးမယ်လို့ စစ်အာဏာရှင်ရဲ့ မီဒီယာတွေကနေ ကြေညာထားပေမဲ့ လက်တွေ့မှာတော့ အကြောင်းအမျိုးမျိုး ပြပြီး လျှောက်လွှာတွေကို ပယ်ချနေတယ်လို့ ဆီစက်ပိုင်ရှင်တွေက ပြောပါတယ်။
သတင်းစာမှာ ဖော်ပြထားတဲ့အတိုင်း စာရွက်စာတမ်း အစုံအလင်နဲ့ ချေးငွေ လျှောက်ထားပေမဲ့ ဘဏ်တွေဘက်က အကြောင်းအမျိုးမျိုးပြပြီး ချေးငွေလျှောက်လွှာတွေကို ပယ်ချနေတာလို့ ဆီစက်ပိုင်ရှင် တယောက်က ပြောပါတယ်။
"လျှောက်ထားတာက သြဂုတ်လကတည်းက။ ခုချိန်ထိ မရဘူး။ စာရွက်စာတမ်း မစုံသေးဘူးပဲ ပြောတယ်။ ဆီလုပ်ငန်းရှင် ၄၀ ကျော်လောက်က ချေးငွေတင်ကြတယ်။ လုပ်ငန်း လည်ပတ်ဖို့ အတွက်။ အဲဒါကို မရဘူး။ မလွယ်ဘူး။ ဆီစက်လုပ်ငန်းရှင်တွေ တော်တော်များများက အခက်အခဲ တွေ ဖြစ်နေကြတာ။ ဆီအခက်အခဲဖြစ်လို့ မကြိတ်နိုင်တာရယ်၊ မီးကလည်း မမှန်ဆိုတော့ ပိုဆိုးတယ်။ ဘဏ်လုပ်ထုံးလုပ်နည်းအရဆိုရင် တလလောက်ပဲ ကြာတတ်တယ်။ အခုက မရဘူး။”
ဆီစက်လုပ်ငန်းရှင်တွေ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက် ကျပ်သိန်း ၁၀၀ ကနေ ကျပ်သိန်း ၅,၀၀၀ အထိ၊ မတည်ရင်းနှီးငွေအတွက် ကျပ်သိန်း ၂၀၀ ကနေ ကျပ်သိန်း ၅,၀၀၀ အထိ တနှစ်ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းနဲ့ ချေးငွေလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
အဆင့်မီစက်ပစ္စည်းတွေ တိုးချဲ့တပ်ဆင်တာ၊ အဆင့်မြှင့်တင်တာ၊ ခေတ်မီ ဆီစက်အသစ်တွေ ထပ်မံတည်ဆောက်တာနဲ့ လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကနေ မတည်ထူထောင်ထားတဲ့ ဆီစက်လုပ်ငန်းတွေ ဖွံ့ဖြိုးရေးချေးငွေ ရန်ပုံငွေကနေ အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်တို့ကနေ ထုတ်ချေးပေးနေတယ်လို့ စစ်အာဏာရှင်ရဲ့ မီဒီယာတွေက ဖော်ပြထားပါတယ်။
လက်ရှိ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေတဲ့ ဆီစက် ဖြစ်ရမယ်၊ လုပ်ငန်းအမည်ပေါက် လိုင်စင် (သက်တမ်းရှိ) ရှိရမယ်၊ ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက် ပိုင်ဆိုင်တဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေ၊ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) တွေကို ပေးအပ်နိုင်ရမယ်၊ နိုင်ငံပိုင်ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေမှာ လက်ရှိ ချေးငွေရယူထားသူတွေအနေနဲ့ ဆီစက်ဖွံ့ဖြိုးရေးချေးငွေ ရယူလိုရင် သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားနိုင်မယ်လို့ဆိုပါတယ်။
ဒါ့အပြင် FDA လက်မှတ် ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ် ရရှိပြီးသူနဲ့ သက်ဆိုင်ရာ ဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းဝင် လုပ်ငန်းရှင်တွေကို ဦးစားပေး စဉ်းစားမယ်လို့ သိရပါတယ်။











