
အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူဝါဒေသမှာ ခွဲထွက်ရေးသူပုန်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တဲ့ အမေရိကန် လေယာဉ်မှူး နစ်ကိုးလပ်စ် အက်ဖ်ဂေါ့စ်လင်ရဲ့ ရုပ်အလောင်းကို အင်ဒိုနီးရှားစစ်တပ်က ဇူလိုင် ၃ ရက်မှာ ပြန်ယူနိုင်ခဲ့ပါတယ်။
ပစ်သတ်ခံခဲ့ရတဲ့ လေယာဉ်မှူးရဲ့ ရုပ်အလောင်းကို ဂျာကာတာမြို့ကို သယ်ဆောင်သွားမှာဖြစ်ပြီး အင်ဒိုနီးရှား အစိုးရကတဆင့် ဂျာကာတာမှာရှိတဲ့ အမေရိကန်အစိုးရနဲ့ လေယာဉ်မှူးရဲ့ မိသားစုဆီ လွှဲပြောင်း ပေးအပ်သွားမယ်လို့ တီမီကာဒေသ စစ်ဘက်ဆိုင်ရာ အကြီးအကဲ လပ်ကီး အာဗီယန်တို က ပြောပြပါတယ်။
ဒီရုပ်အလောင်းကို ယာဟူကီမိုခရိုင်၊ ဘာလင်ဂါမာ ရွာကနေ ဇူလိုင် ၂ ရက်ကတည်းက သွားယူဖို့ ပြင်ဆင်ခဲ့ပေမဲ့ ရာသီဥတုဆိုးရွားနေတာကြောင့် သောကြာနေ့မနက်ပိုင်းကျမှပဲ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာလို့လည်း ဆိုပါတယ်။
အဲဒီလေယာဉ်ဟာ PT AMA လေကြောင်းလိုင်းပိုင် လေယာဉ်ဖြစ်ပြီး ပါပူဝါဒေသက ဝေးလံခေါင်သီတဲ့ ရွာတွေကို ရိက္ခာ၊ စက်သုံးဆီနဲ့ စာတိုက်ပုံးတွေ ပို့ဆောင်ပေးနေတာပါ။
ဒီတိုက်ခိုက်မှုကို အနောက်ပါပူဝါ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TPNPB-OPM) က လုပ်ဆောင်ခဲ့တာဖြစ်ပြီး သူပုန်တွေဟာ လေယာဉ်မှူးကို ပစ်သတ်ခဲ့ပြီး လေယာဉ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာပါ။
TPNPB ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီလုပ်ရပ်ဟာ အင်ဒိုနီးရှားစစ်တပ်နဲ့ သူတို့အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခရဲ့ အရင်းအမြစ်ကို ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့ အင်ဒိုနီးရှားနဲ့ အမေရိကန်အစိုးရတို့ကို သတိပေးချက်တစ်ခု ပေးလိုက်တာလို့ ပြောပါတယ်။
လေယာဉ်ပေါ်ပါလာတဲ့ ပါပူဝါဒေသခံ ခရီးသည် ၇ ယောက်ကိုတော့ ဒေသခံရွာသားတွေက ကယ်တင်နိုင်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျာကာတာမှာရှိတဲ့ အမေရိကန်သံရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တစုံတရာ တုံ့ပြန် ဖြေကြားခြင်း မရှိပါဘူး။ PT AMA လေကြောင်းလိုင်းဘက်ကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။
Source: Reuters











