
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ချောင်းဝကျေးရွာက နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းကို အောက်တိုဘာ ၅ ရက် ညနေ ၃ နာရီမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယလို့ ဒေသခံတွေဆီက သိရပါတယ်။
KIA ရှေ့တန်းသတင်းရင်းမြစ်တယောက်က “စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့တွေဟာ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၃ နာရီကျော်လောက်မှာ KIA နဲ့ KPDF ပူးပေါင်းတပ်တို့ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးကန် မြောက်ဘက်မှာရှိတဲ့ ချောင်းဝကျေးရွာက ချောင်းဝကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းကို အသေခံဒရုန်း (suicide drone) နဲ့ လာရောက်တိုက်ခိုက် ဗုံးကြဲသွားတယ်။ ဒါကြောင့် ချောင်းဝကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းက ထိခိုက်ပျက်စီးသွားတယ်”လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းအဆောက်အအုံပျက်စီးသွားခဲ့ပေမဲ့ လူထိခိုက်သေဆုံးတာတော့ မရှိခဲ့ဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
ချောင်းဝကျေးရွာမှာရှိတဲ့ ချောင်းဝတိုက်နယ်ဆေးရုံကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ကလည်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အနီးရှိဆေးရုံခွဲစိတ်ခန်း အမိုးအကာတွေ ထိမှန်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော် SNA က အင်းတော်ကြီးဒေသ နန့်မွန်းမြို့ KBC ဘုရားကျောင်းဝင်းကို စစ်သင်တန်းပေးတဲ့နေရာအဖြစ် အသုံးပြုနေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ ပြည်သူ့စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။
ကချင်ခရစ်ယာန်ဘာသာဝင်တွေရဲ့ KBC ဘုရားကျောင်းဝင်းကို စစ်သင်တန်းပေးတဲ့ နေရာအဖြစ် အသုံးပြုနေပြီး၊ RC ကက်သလစ်ဘုရားကျောင်းကို ရုံးချုပ်အဖြစ် အသုံးပြုနေတဲ့အပေါ် ကချင်ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။
SNA တပ်တွေဟာ အင်းတော်ကြီးဒေသမှာ အတူယှဉ်တွဲနေထိုင်နေတဲ့ ဌာနေတိုင်းရင်းသားတွေကို လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်ပေါ်အောင် လှုံဆော်နေတာကြောင့် သတိရှိကြဖို့လည်း ကချင်လူငယ်တစ်ယောက် တိုက်တွန်းထားပါတယ်။
“ဒီနောက်ပိုင်းမှာဆိုရင် စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံရှမ်းနီပြည်သူ့စစ်တွေက ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေကို နန့်မွန်းမှာဆိုရင်လည်း ရိုမန်ကသလစ်ကျောင်းကို ပြည်သူ့စစ်ဌာနချုပ်အဖြစ် ဖွင့်ထားပြီး နန့်မွန်းကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကိုတော့ စစ်သင်တန်းကွင်းအဖြစ် အသုံးပြုနေတယ်။ ပြီးတော့ ချောင်းဝ ကချင်နှစ်ခြင်းဘုရားကျောင်းကို ဗုံးကြဲတိုက်ခိုက်တာက စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့စစ်တွေက အင်းတော်ကြီးဒေသမှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ ရှမ်းနီနဲ့ ကချင်လူမျိုးကြားမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ အချင်းချင်းဖြစ်အောင် လှုံ့ဆော်နေတာနဲ့ တူတယ်။ အင်းတော်ကြီးဒေသမှာရှိတဲ့ ရှမ်းနီနဲ့ ကချင်တိုင်းရင်းသားအချင်းချင်းလည်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေရဲ့ အချင်းချင်း ကချင်လူမျိုးကြားမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ အချင်းချင်းဖြစ်အောင် တမင်တကာ လှုံ့ဆော်နေတာကို အားလုံးသတိရှိရှိနဲ့ ဆန့်ကျင်ကြဖို့ လိုတယ်။”
အင်းတော်ကြီးဒေသ၊ လုံးတုံဘက်အခြမ်းမှာလည်း KIA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်အာဏာရှင်တပ်နဲ့ စစ်အာဏာရှင်တပ်လက်အောက်ခံ SNA ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့အကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ချောင်းဝကျေးရွာက နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို ဘာကြောင့်တိုက်ခိုက်မှုတယ်ဆိုတဲ့ အချက် ကို သီးခြားအတည်ပြုနိုင်တာမရှိသေးသလို SNA ဘက်ကလည်း တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။











