
ရှမ်းပြည်နယ်အတွင်းက ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ထိန်းချုပ်ထားတဲ့ ဒေသမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတချို့ကို UWSA ‘ဝ’ တပ်ဖွဲ့က သြဂုတ်လလယ်ပိုင်းက စတင်ပြီး ယာယီပိတ်သိမ်းလိုက်တယ်လို့ နယ်မြေခံတွေက ပြောပါတယ်။
‘ဝ’တပ်ဖွဲ့က ခရစ်ယာန်ဘုရားကျောင်း တချို့ကို ယာယီပိတ်သိမ်းလိုက်တဲ့ ဧရိယာတွေကတော့ တောင်ပိုင်း ၁၇၁ စစ်ဒေသ၊ ပန်ဆန်း၊ မိုင်းပေါင်နဲ့ နားဝီးနယ်မြေတွေက ဖြစ်ပြီး အရေအတွက်အားဖြင့် ကျောင်းပေါင်း ၃၀ ဝန်းကျင်ရှိတယ်လို့ ‘ဝ’ သတင်းဌာနတခုဖြစ်တဲ့ Wa News land မှာ ဖော်ပြပါတယ်။
ဘုရားကျောင်းတွေကို ယာယီပိတ်သိမ်းရတဲ့ အကြောင်းရင်းကတော့ ခရစ်ယာန် အမည်ခံ ဒေသအခေါ် ယေရှုတရုတ်မ အဖွဲ့က သမ္မာကျမ်းစာနဲ့ ညီညွတ်မှုမရှိတဲ့ အစွန်းရောက် စည်းရုံးလှုံ့ဆော်မှုတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ခရစ်ယာန်ယုံကြည်သူ ‘ဝ’တိုင်းရင်းသားတယောက်က “ယေရှုတရုတ်မအဖွဲ့ ဆိုတာရှိတယ်။ တခြားဘာသာတွေကို နှိပ်ကွပ်ဖို့ တရုတ်ကွန်မြူနစ်တွေက ဖွဲ့ထားတဲ့ သဘောပဲ။ သူတို့တရား နားထောင်ကြည့်အခါ သူတို့ ပြောတဲ့ ဟောတဲ့ အရာတွေက ကျမ်းစာထဲနဲ့ တော်တော်ကြီးကို ကွဲလွဲတဲ့ အရာတွေရှိတယ်။ ကျနော် အများကြီးမပြောချင်ဘူး” လို့ ပြောပါတယ်။
‘ဝ’ ဒေသအတွင်းက ခရစ်ယာန်ဘုရားကျောင်းတချို့ကို ယာယီပိတ်သိမ်းလိုက်တာဟာ တဖက်နိုင်ငံရဲ့ သတိပေးမှုနဲ့ ‘ဝ’ ပြည်အတွင်း အစွန်းရောက်တဲ့ ဘာသာရေး စည်းရုံးလှုံ့ဆော်သူတချို့ စိမ့်ဝင်နေတာကြောင့် ဖြစ်တယ်လို့ ‘ဝ’ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မီဒီယာတွေကို ဖြေကြားထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တခြားသော အကြောင်းအရာတွေလည်း ရှိနိုင်တယ်လို့ ပြည်သူလူထုတွေကြားမှာ တီးတိုးဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဒေသခံ ‘ဝ’ လူမျိုးတယောက်က “ယေရှုတရုတ်မတွေ တရုတ်ပြည်ကနေ လာတယ်ဆိုရင် နယ်စပ်ဂိတ်တွေမှာ ဝင်ခွင့်ပေးတာ သူတို့ပဲလေ။ ဘယ်နယ်စပ်ဂိတ်က ဝင်လာလဲဆိုတာ သူတို့ သိတယ်လေ။ အဲ့တုန်းက မဖမ်းဘဲနဲ့ အခုမှ ခရစ်ယာန်ဘာသာရေးကျောင်းတွေကို ပိတ်တယ်ဆိုတာ တခြားအကြောင်းရှိမှာပေါ့။ နိုင်ငံရေးလည်း ပါရင်ပါမှာပေါ့” လို့ ပြောပါတယ်။
UWSA ထိန်းချုပ်ထားတဲ့ဒေသမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ဥပဒေပြဋ္ဌာန်းပြီး ခွင့်ပြုထားပါတယ်။ ‘ဝ’ ဒေသမှာ ခရစ်ယာန်ဘာသာကို ယုံကြည်သူတွေလည်း အများဆုံး ဖြစ်ပါတယ်။
ဒုတိယကတော့ ဗုဒ္ဓဘာသာဖြစ်ပြီး အစ္စလာမ်ဘာသာကိုးကွယ်သူတွေအတွက် ဝတ်ပြုဆုတောင်းတဲ့ ဗလီတွေလည်းရှိကာ ဘာသာဝင်တွေလည်း ရှိနေပါတယ်။
အစွန်းရောက် ဘာသာရေးနဲ့ ကင်းရှင်းမှုရှိရင် ပိတ်ထားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ပြန်ဖွင့်လှစ်ပေးသွားမယ်လို့ ‘ဝ’ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ပြန်ကြားထားပါတယ်။











