DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
အင်းတော်ကြီး၌ SNA ရှမ်းနီတပ်က နေအိမ်ထဲအထိ ဝင်ရောက် တပ်သားသစ် ဖမ်းဆီးစုဆောင်း
ဟန်န
·
August 19, 2026
Photo: SNA
Photo: SNA
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ပူးပေါင်းတပ်တွေက ပြည်သူတွေရဲ့ နေအိမ်ထဲအထိ ဝင်ရောက်ပြီး ဆိုးဆိုးဝါးဝါး တပ်သားသစ် ဖမ်းဆီးစုဆောင်းနေတာကြောင့် အခက်အခဲကြုံတွေ့နေရတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

SNA နဲ့ ရှမ်းနီပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ လုံးတုံ၊ မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာတွေမှာ တပ်သားသစ် စုဆောင်းမှုတွေ ပိုပြီးတင်းကျပ်လာပြီး လမ်းပေါ်မှာ ဖမ်းဆီးတာအပြင် ခုနောက်ပိုင်း နေအိမ်ထဲအထိ ဝင်ရောက်ရှာဖွေဖမ်းဆီးနေတာလို့ ဒေသခံတယောက်က ပြောပါတယ်။

“လူဆွဲတဲ့အနေအထားကတော့ ဆိုးဆိုးဝါးဝါး ဖြစ်နေတာ။ အင်းတော်ကြီး၊ မမုံကိုင်၊ မိုင်းနောင်၊ နမ့်မွန်း အဲဒီဘက်မှာ သူတို့လူတွေနဲ့ ဆွဲနေတာ။ အဲဒီဘက်မှာ လူဆွဲစရာ ကုန်သွားပြီဆိုတော့ တအိမ်တက် တအိမ်ဆင်းပါ ဆွဲနေတဲ့ အနေအထားကို ဖြစ်နေတယ်။ ဆိုးဆိုးဝါးဝါးကို ဖြစ်နေတယ်။ နောက် မိုးညှင်း၊ မိုးကောင်း အဲဒီကြားမှာရှိထားတဲ့ ဆားမှော်၊ ပင်းပေါ၊ ဟိုပင်၊ နမ္မား၊ မိုးညှင်း အဲဒီတကြောလုံးကတော့ သူတို့ စုဆောင်းရေးက နေ့ရော ညရော ဆွဲနေတယ်။ ကားနဲ့ပတ်ပြီးတော့ ဆွဲနေတယ်။ လယ်ထဲမှာ သွားတဲ့ဟာတွေက အစ၊ အသက်ကြီးပိုင်းတွေက အစ အကုန် တယောက်မကျန် ဆွဲနေတယ်။ နေ့ကောညကော ဆိုးဆိုးဝါးဝါးကို ဆွဲနေတာ။”

SNA နဲ့ ရှမ်းနီပြည်သူ့စစ်တွေဟာ အင်းတော်ကြီးဒေသထဲက အမျိုးသားတွေကို အသက် ၁၅ နှစ်ကျော်ကနေ ၄၀ ဝန်းကျင်အထိ ပစ်မှတ်ထား ဖမ်းနေသလို အမျိုးသမီးတွေကိုလည်း အသက် ၁၈ နှစ်ကနေ ၃၀ ဝန်းကျင်အထိ တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးနေတယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် မေလနှောင်းပိုင်းကစပြီး နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးလာသလို ဇူလလိုင်ကနေ ဖမ်းဆီးမှုတွေ ပိုပြီးဆိုးရွားလာတယ်လို့ ဆိုပါတယ်။

တပ်သားသစ် စုဆောင်းမှုတွေကြောင့် လူငယ်နဲ့ လူလတ်ပိုင်းအရွယ်တွေ နည်းပါးလာပြီး တချို့ကျေးရွာတွေမှာ နေအိမ်ထဲကနေ အပြင်မထွက်တော့တဲ့အထိ ဖြစ်လာတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ထွက်ပြေးတိမ်းရှောင်တာတော့ သိပ်မရှိဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေတော့ ခက်ခဲတာပေါ့။ သူတို့က အခုကျတော့ အိမ်ထဲနဲ့ အိမ်ပြင် မထွက်ဘဲ နေကြတာ များတယ်လေ။ အပြင်ထွက်တဲ့ဟာကျတော့ ပါတာပေါ့။ ဆိုတော့ အပြင်မထွက်ကြဘူး။ အလုပ်အကိုင်လည်း မသွားကြဘူး။ အဲဒါမျိုးတွေ ဖြစ်နေကြတာ။”

၂၀၂၅ ခုနှစ်အတွင်း ရှမ်းနီပြည်သူ့စစ်တွေဟာ အင်းတော်ကြီးဒေသ အဝင်အထွက်နေရာတွေနဲ့ နမ့်မွန်းမြို့ အဝင်အထွက် နေရာတွေမှာ ဂိတ်ချပြီး ခရီးသွားလူငယ်တွေအပြင် ရွှေမှော်နဲ့ တခြားလုပ်ငန်းခွင် သွားလာတဲ့လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

လက်ရှိမှတော့ အင်းတော်ကြီးဒေသအတွင်း မိုင်းနောင်၊ လုံးတုံ၊ မမုံကိုင်၊ နန်းမား၊ နမ့်မွန်းနဲ့ လပ်ပံကျေးရွာတွေဘက်ကို SNA၊ ရှမ်းနီပြည်သူ့စစ်နဲ့ စစ်အာဏာရှင်တပ်တွေက ထိန်းချုပ်ထားပြီး ညောင်ပင်၊ ညောင်းဝ၊ ဝေလှံနဲ့ နန့်ပတဲကျေးရွာဘက်တွေကိုတော့ KIA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပါတယ်။

အင်းတော်ကြီးဒေသမှာ ၂၀၂၅ ခုနှစ် မေလနောက်ပိုင်းကစပြီး မိုင်းနောင်၊ လုံးတုံ၊ မမုံကိုင်၊ နန့်ပတဲ၊ နန့်မီးလောင်နဲ့ ချောင်းဝကျေးရွာတလျှောက် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013