DVB Logo
Home
Lead Story
လေတပ်စခန်းကို တော်လှန်ရေးတပ်၏ တိုက်ခိုက်မှုက မြန်မာ့ဒရုန်းစစ်ပွဲ ပိုကျယ်ပြန့်လာမည်ဟု အချက်ပြ
DVB
·
September 23, 2026
Design: DVB
Design: DVB
Donate to DVB

ဒီလို စစ်ဆင်ရေးမျိုး လုပ်နိုင်ဖို့ အချိန်အတော်ကြာ ယူခဲ့ရပါတယ်။ နောက်ကျမှ ရောက်လာတယ်ဆိုပေမဲ့ မြန်မာ့လက်နက်ကိုင် အတိုက်အခံတွေဟာ သူတို့ကို ထောက်ခံသူတွေတောင် မျှော်လင့်ချက်ကုန်ခါနီးဖြစ်နေတဲ့ အရာတခုကို နောက်ဆုံးမှာတော့ အကောင်အထည်ဖော် ပြသနိုင်ခဲ့ပါပြီ။ အဲဒါကတော့ လေတပ်စခန်းတခုကို ဒရုန်းတွေနဲ့ အုပ်စုဖွဲ့ တိုက်ခိုက်လိုက်တာပါပဲ။ ဒီလေတပ်စခန်းတွေဟာ ၆ နှစ်နီးပါး ကာလအတွင်းမှာ အကာအကွယ်မဲ့ အရပ်သားတွေနဲ့ တော်လှန်ရေးသမားတွေကို သေကျေပျက်စီးစေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု ထောင်ပေါင်းများစွာကို လုပ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ နေရာတွေ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၀ ရက်က တံတားဦး လေတပ်စခန်းကို တိုက်ခိုက်ခဲ့တာဟာ ပြည်တွင်းပြည်ပက ကျဆင်းနေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စိတ်ဓာတ်ကို အများကြီး အားတက်သွားစေခဲ့ ပါတယ်။ ဒီစခန်းဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့တောင်ဘက် ၃၅ ကီလိုမီတာ အကွာမှာရှိတဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ တွဲလျက်ရှိနေတာပါ။ ဒီတိုက်ခိုက်မှုဟာ "မိမိတို့ကို ဘယ်သူမှ မထိနိုင်ဘူး" လို့ ထင်နေတဲ့ မြန်မာ့လေတပ်ရဲ့ အထင်အမြင်ကြီးမှုကို ချေဖျက်လိုက်တဲ့ လက်စားချေမှု သက်သက် မဟုတ်ပါဘူး။

ဒါဟာ အနာဂတ် စစ်ပွဲတွေအတွက် ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာစေနိုင်တဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးမှာ ဖိုင်ဘာအော့ပတစ် နည်းပညာသုံး First-person view (FPV) ဒရုန်းတွေကို အဓိက အသုံးပြုခဲ့တာပါ။ ဆံချည်မျှင်လောက်သာရှိတဲ့ ဝါယာကြိုးလေးနဲ့ သွယ်တန်းထိန်းချုပ်တဲ့ ဒီနည်းပညာဟာ အရေးကြီး အဆောက်အအုံတွေ ပတ်လည်မှာ တပ်ဆင်ထားလေ့ရှိတဲ့ လှိုင်းဖြတ်စက် (Electronic Jamming) တွေကို အလွယ်တကူ ကျော်လွှားနိုင်စွမ်း ရှိပါတယ်။

ဒီလို FPV ဒရုန်းတွေရဲ့ အောင်မြင်မှုကို တံတားဦးမှာသာမက၊ မကြာသေးခင်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်တွေ ဧရာဝတီမြစ်တလျှောက် ဆင်နွှဲခဲ့တဲ့ တိုက်ပွဲတွေမှာပါ တွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေဘက်ကလည်း သူတို့ကို ဒီနည်းပညာတွေ ထောက်ပံ့ပေးဖို့ တော်လှန်ရေး ခေါင်းဆောင်ပိုင်းဆီ တောင်းဆိုမှုတွေ ပိုပြီး မြင့်တက်လာပါလိမ့်မယ်။ တချိန်တည်းမှာပဲ အားတက်လာတဲ့ ပြည်ပရောက် မြန်မာတွေနဲ့ ပြည်တွင်းက ထောက်ခံသူတွေဆီကနေ ရန်ပုံငွေတွေလည်း ပိုမိုစီးဝင်လာနိုင်ပါတယ်။

အခုတိုက်ခိုက်မှုက တော်လှန်ရေးအဖွဲ့တွေဆီမှာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ ရောက်ရှိနေပြီဆိုတာကို ထင်ရှားစွာ သက်သေပြလိုက်တာပါ။ ဒါပေမဲ့ လေတပ်စခန်းကို တိုက်ခိုက်ခဲ့တဲ့ အသေးစိတ် အချက်အလက်တွေအရ၊ လာမဲ့လတွေကနေ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ ပိုမိုကျယ်ပြန့်တဲ့ စစ်မျက်နှာပြင်တွေမှာ ဖိုင်ဘာအော့ပတစ် ဒရုန်းတွေက ဘယ်လောက်အထိနဲ့ ဘယ်လောက်မြန်မြန် သက်ရောက်မှု ရှိလာနိုင်မလဲဆိုတဲ့ စစ်ဆင်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

လေဆိပ် အနောက်တောင်ဘက်က ရွာတရွာကနေ မနက်ပိုင်းမှာ လွှတ်တင်ခဲ့တဲ့ လေးဘီးတပ် (Quadcopter) ဒရုန်းငယ် ၆ စင်းဟာ၊ ပြည်တွင်းလေဆိပ် အဆောက်အအုံနဲ့ ၂ ကီလိုမီတာကျော်ဝေးတဲ့ ပြေးလမ်းတောင်ဘက်စွန်းက လေတပ်စခန်း ဧရိယာထဲက လေယာဉ်ရုံတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပုံရပါတယ်။

အဲဒီဒရုန်းတွေပေါ်က ကင်မရာတွေနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယို မှတ်တမ်းတွေကိုတော့ နောက်တနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မြင်းခြံခရိုင် စစ်ဒေသကွပ်ကဲမှုအောက်မှာရှိတဲ့ မြင်းခြံခရိုင် ဒရုန်းတိုက်ခိုက်ရေးအဖွဲ့ (MDSS) က ထုတ်ပြန်ခဲ့ပါတယ်။ Yakovlev Yak-130 ဂျက်တိုက်လေယာဉ်တွေနဲ့ အပေါ့စား တိုက်ခိုက်ရေး လေယာဉ်တွေ ရပ်နားထားတဲ့ လေယာဉ်ရုံတွေဆီ ဒရုန်းတွေ ထိုးဆင်းသွားတာကို အဲဒီဗီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။

တိုက်ဆိုင်မှုပဲဖြစ်ဖြစ်၊ စနစ်တကျ စီစဉ်ထားတာပဲဖြစ်ဖြစ် ပစ်မှတ်ကိုတော့ သေချာ ရွေးချယ်ထားတာပါ။ တိုက်ခိုက်မှု မဖြစ်ခင်က မြန်မာ့လေတပ်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ရုရှားလုပ် ဂျက်လေယာဉ် ၂၄ စင်း ရှိတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်မှာ ပထမဆုံး ၆ စင်း စတင်ဝယ်ယူခဲ့ချိန်ကစလို့ ဒီလေယာဉ်တွေဟာ မြေပြင်တိုက်ခိုက်ရေးမှာ အထိရောက်ဆုံးနဲ့ အသေအပျောက် အများဆုံးဖြစ်စေတဲ့ လေယာဉ်တွေ ဖြစ်လာခဲ့ပါတယ်။

လေယာဉ်တွေ ဘယ်လောက်အထိ ပျက်စီးသွားသလဲ ဆိုတာကိုတော့ ဗီဒီယို မှတ်တမ်းမှာ သေချာ မတွေ့ရပါဘူး။ ဒရုန်းတွေဟာ လေယာဉ်ရုံ အပေါက်ဝက အကာအကွယ် ပိုက်ကွန်တွေကို ဝင်တိုက်မိချိန်မှာ ရုပ်သံပြတ်တောက်သွားလို့ပါ။ ဒါပေမဲ့ အဲဒီလို ပိုက်ကွန်တွေ ကာရံထားတာကို ကြည့်ရင် စစ်တပ်ဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်းအန္တရာယ်ကို အလေးအနက် ထားနေပြီဆိုတာ သိသာထင်ရှားပါတယ်။ နောက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ပုံတပုံမှာတော့ တိုက်ခိုက်ရာမှာ သုံးခဲ့တဲ့ ဒရုန်းတစင်းဟာ အနီးနားက လေယာဉ်‌ပြေးလမ်းပေါ်မှာ မပေါက်ကွဲဘဲ ကျနေတာကို တွေ့ရပါတယ်။

အဲဒီဒရုန်းမှာ ဖိုင်ဘာအော့ပတစ် ကြိုးခွေအပြင် အတော်လေး  ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းငယ်တခုလည်း ပါဝင်ပါတယ်။ မြန်မာ့စစ်ရေး လေ့လာသုံးသပ်သူတဦးရဲ့ အဆိုအရ အဲဒီပစ္စည်းဟာ ၆၀ မမ မော်တာကျည်နဲ့ အရွယ်အစား တူညီပြီး ၁၅ မီတာ ပတ်လည်ကို သေကျေပျက်စီးစေနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ ပိုက်ကွန်နဲ့ လေယာဉ်တွေရဲ့ ရှေ့ပိုင်းဟာ နီးကပ်လွန်းတဲ့အတွက် ဒရုန်းတွေဟာ လေယာဉ်တစင်း ဒါမှမဟုတ် တစင်းထက်ပိုပြီး ထိခိုက်ပျက်စီးအောင် လုပ်နိုင်ခဲ့မှာ သေချာသလောက်ပါပဲ။ ဒါပေမဲ့ လေယာဉ်တွေ လုံးဝ ပျက်စီးသွားတယ်ဆိုတာကိုတော့ ဗီဒီယိုမှတ်တမ်းက သက်သေမပြနိုင်ခဲ့ပါဘူး။

နောက်ပိုင်းမှာ NUG က ထုတ်ပြန်တဲ့ ကြေညာချက်မှာ Yak-130 တိုက်လေယာဉ်တွေ ရပ်နားထားတဲ့ နေရာတွေကို ဒရုန်းတွေနဲ့ တိတိကျကျ ပစ်မှတ်ထား တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပေမဲ့ လေယာဉ်တွေ လုံးဝ ပျက်စီးသွားတယ်လို့တော့ မဆိုထားပါဘူး။ စစ်အာဏာရှင်ပိုင် မြန်မာ့အလင်း သတင်းစာမှာတော့ ဒရုန်းတွေကို "ဒရုန်း တန်ပြန်နည်းပညာတွေ အသုံးပြုပြီး ... အောင်မြင်စွာ ဟန့်တားနိုင်ခဲ့တယ်" လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ လေယာဉ်ရုံတွေရဲ့ အပြင်ဘက်မှာတော့ တိုက်ခိုက်မှုက ပိုပြီး ပြင်းထန်ခဲ့ပါတယ်။ MDSS က ထပ်မံထုတ်ပြန်တဲ့ ဗီဒီယိုမှတ်တမ်းမှာတော့ ကားတစီး ရပ်ထားတဲ့ ကွင်းပြင်မှာ ပုန်းအောင်းဖို့ ပြေးလွှားနေကြတဲ့ မြေပြင်ဝန်ထမ်းတွေဆီကို ဒရုန်းတစင်း တည့်တည့် ထိုးဆင်းသွားတာကို မြင်တွေ့ရပါတယ်။

ဒီစစ်ဆင်ရေးအတွင်းမှာ အမှတ် (၇) လေကြောင်းရန် ကာကွယ်ရေးတပ်က ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် မြန်မာစစ်အာဏာရှင်လေတပ်က ဝန်ထမ်း ၅ ဦး သေဆုံးခဲ့တယ်လို့ NUG ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးလည်း ကျဆုံးခဲ့တယ်လို့ ထည့်သွင်း ဖော်ပြထားပါတယ်။

လက်ရှိ ပြည်တွင်းစစ်မှာ လေတပ်စခန်းတခုကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်တာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ တောင်ငူလေတပ်စခန်းကို PDF တပ်ဖွဲ့ဝင်တွေက အနည်းဆုံး ဒရုန်း ၂ စင်း အသုံးပြုပြီး တိုက်ခိုက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက လေကြောင်းထိန်းချုပ်ရေး မျှော်စင်နဲ့ ကပ်လျက်ရှိတဲ့ Jammer တပ်ဆင်ထားတဲ့ နေရာကို ပစ်မှတ်ထားခဲ့ပုံရပါတယ်။ PDF က နောက်ပိုင်း ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှာတော့ မြန်မာ့လေတပ်ရဲ့ ဘယ်လေယာဉ်ကိုမှ မတွေ့ရပါဘူး။

ဒါပေမဲ့ တံတားဦး စစ်ဆင်ရေးကတော့ ဖိုင်ဘာအော့ပတစ် FPV ဒရုန်း အများအပြားကို စနစ်တကျ အစီအစဉ်ချပြီး တိုက်ခိုက်ခဲ့တဲ့ ပထမဆုံး စစ်ဆင်ရေး ဖြစ်ပါတယ်။ ဒီအချက်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စွမ်းရည်ပိုင်းမှာ အချိုးအကွေ့တခုကို ဖြတ်ကျော်သွားတာပါပဲ။ ဒီနည်းပညာဟာ ၂၀၂၅ ခုနှစ်တုန်းက ယူကရိန်းနဲ့ တောင်လက်ဘနွန် စစ်မြေပြင်တွေမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပေမဲ့ မြန်မာနိုင်ငံဆီ ရောက်လာဖို့တော့ အနည်းငယ် နှေးကွေးခဲ့ပါတယ်။

အခုအခါ တော်လှန်ရေး အင်အားစုတွေ ရင်ဆိုင်ရမဲ့ စိန်ခေါ်မှုကတော့ ရရှိထားတဲ့ နည်းဗျူဟာပိုင်း အောင်မြင်မှုကနေတဆင့်၊ မြန်မာ့လေတပ်ရဲ့ စစ်ဆင်ရေးတွေကိုသာမက နိုင်ငံတဝန်းက စက်သုံးဆီ၊ လက်နက်ခဲယမ်း သိုလှောင်ရုံတွေနဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေလို အရေးကြီး အခြေခံ အဆောက်အအုံတွေကိုပါ အနှောင့်အယှက် ပေးနိုင်မဲ့ "မဟာဗျူဟာမြောက် သက်ရောက်မှု" တခုအဖြစ် ပြောင်းလဲနိုင်ဖို့ပါပဲ။ စစ်အာဏာရှင်တပ်အနေနဲ့ အဲဒီနေရာ အားလုံးကို ပိုက်ကွန်တွေနဲ့ လိုက်လံကာကွယ်ထားနိုင်မှာ မဟုတ်ပါဘူး။

ဒီလို မဟာဗျူဟာမြောက် အောင်မြင်မှုအဆင့်ကို ရရှိဖို့ဆိုတာ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) လို့ခေါ်တဲ့ အတိုက်အခံ မဟာမိတ်အဖွဲ့အပေါ်မှာ အဓိက မူတည်နေပါတယ်။ ဒီအဖွဲ့ကို NUG နဲ့ ကချင်၊ ကရင်၊ ချင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးတွေ ပါဝင်ပြီး ဒီနှစ်အစောပိုင်းကမှ ဖွဲ့စည်းခဲ့တာပါ။ သူတို့အနေနဲ့ စံသတ်မှတ်ထားတဲ့ FPV ဒရုန်း တမျိုး သို့မဟုတ် နှစ်မျိုးအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို အမြောက်အမြား ရှာဖွေတပ်ဆင်ဖို့နဲ့ မောင်းနှင်မဲ့သူတွေကို သင်တန်းပေးဖို့ ဦးစားပေး လုပ်ဆောင်နိုင်မလား ဆိုတာအပေါ် မူတည်နေပါတယ်။

အဲဒီလို ဒရုန်းတွေ အများကြီးထုတ်လုပ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ တိုက်ခိုက်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အကြောင်းကတော့ ဒရုန်း အစိတ်အပိုင်းတွေကို နယ်စပ်ဖြတ်ကျော် တင်သွင်းရာမှာ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ရှိနေလို့ပါ။ ဒါ့အပြင် တော်လှန်ရေး မဟာမိတ်အဖွဲ့သစ်ဖြစ်တဲ့ SCEF အနေနဲ့ စာရွက်ပေါ်က သဘောတူညီချက်တွေကို မြေပြင် လက်တွေ့စစ်ဆင်ရေးတွေအဖြစ် အကောင်အထည်ဖော်နိုင်စွမ်း ရှိ/မရှိ ဆိုတာကလည်း လက်တွေ့မှာ အခိုင်အမာ သက်သေမပြနိုင်သေးပါဘူး။ မြန်မာနိုင်ငံ အလယ်ပိုင်းမှာဆိုရင် ပူးပေါင်းစီစဉ်မှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုဟာ အစပျိုးရုံ အဆင့်မှာပဲ ရှိနေပါသေးတယ်။ ဒါပေမဲ့ ဖက်ဒရယ် အင်အားစုတွေအတွက် သတင်းကောင်း တခုရှိနေပါတယ်။ အဲဒါကတော့ အောင်မြင်မှုအတွက် စံပြပုံစံတခုဟာ လက်တွေ့မှာ အလုပ်ဖြစ်နေပြီ ဆိုတာပါပဲ။

မကြာသေးခင် သီတင်းပတ်တွေအတွင်းမှာ KIA ဟာ တရုတ်နယ်စပ်အနီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဗန်းမော်မြို့ကို ကူညီဖို့ မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ကီလိုမီတာ ၃၃၀ ကျော် ဆန်တက်လာတဲ့ စစ်တပ်ရဲ့ ရေယာဉ်စုတွေကို တားဆီးရာမှာ FPV ဒရုန်းတွေကို အကြီးအကျယ် အသုံးပြုခဲ့ပြီး များသောအားဖြင့် အောင်မြင်မှု ရရှိခဲ့ပါတယ်။

သြဂုတ်လ နှောင်းပိုင်းကနေ စက်တင်ဘာလအထိ ဖြစ်ပွားခဲ့တဲ့ အဆုံးအဖြတ် တိုက်ပွဲတွေအတွင်း ရွှေကူမြို့နဲ့ ဗန်းမော်ကြားက ဧရာဝတီမြစ်ကျဥ်းတလျှောက် ဖြတ်သန်းလာတဲ့ ထောက်ပံ့ရေး သင်္ဘောတွေနဲ့ အဲဒီသင်္ဘောတွေကို စောင့်ကြပ်လာတဲ့ စစ်ရေယာဉ်တွေကို KIA ဒရုန်းတွေက အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး နစ်မြုပ်စေတာတွေ၊ သွားလာလို့မရအောင် ဟန့်တားတာတွေ လုပ်နိုင်ခဲ့ပါတယ်။

မိုးရာသီအတွင်း KIA ရဲ့ ဧရာဝတီမြစ် စစ်ဆင်ရေးဟာ ကြုံသလို တုံ့ပြန်လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ ဗန်းမော်နဲ့ အဲဒီအထက်ပိုင်း ကချင်ပြည်နယ် မြောက်ပိုင်းဆီကို သွားတဲ့ စစ်အာဏာရှင်တပ်ရဲ့ အသက်သွေးကြော မြစ်ကြောင်း ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ မဟာဗျူဟာကျကျ စီစဉ်ခဲ့တာ သေချာပါတယ်။ မနှစ်က လုံးဝ မတွေ့ခဲ့ရတဲ့ ဒီစစ်ဆင်ရေးနဲ့ ကိုက်ညီမဲ့ ဒရုန်းစွမ်းရည်ကိုလည်း ကြိုတင်မြှင့်တင်ခဲ့ပါတယ်။ ဒါဟာ စက်မှုလုပ်ငန်း အဆင့်အတန်းရှိတဲ့ ထုတ်လုပ်မှုနဲ့ စစ်ဆင်ရေးဆိုင်ရာ ဖြန့်ဝေမှုတွေကို ပြသနေပြီး ထူးခြားတဲ့ ရလဒ်တွေကို ရရှိစေခဲ့ပါတယ်။

တံတားဦးဟာ ကချင်ပြည်နယ်တလွှား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဖို့ အရေးပါတဲ့ စခန်းတခုပါ။ KIA ရဲ့ ထောက်ပံ့မှု တစိတ်တပိုင်းဟာ အဲဒီတံတားဦး ပတ်ဝန်းကျင် မြေပြန့်ဒေသတွေမှာရှိတဲ့ PDF တွေဆီ တောင်ဘက်ကနေတဆင့် ရောက်ရှိခဲ့သလား ဆိုတာကတော့ မသေချာသေးပါဘူး။ ဒါပေမဲ့ တော်လှန်ရေး အင်အားစုတွေကြားမှာ စစ်မြေပြင်မှာ ချိတ်ဆက်မှုတွေ တိုးတက်လာနေတဲ့ နောက်ခံ အခြေအနေတွေကို ကြည့်ရင်တော့၊ ဒါဟာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

အန်သိုနီ ဒေးဗစ်စ်

Ref: Asia Times

(Asia Times သတင်းဝက်ဆိုက်တွင်  Anthony Davis ရေးသားထားသည့် “Resistance airbase hit heralds a wider drone war in Myanmar ” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013