DVB Logo
Home
နိုင်ငံတကာ
တရုတ်ထုတ် ဈေးပေါသည့် ပဋိဇီဝဆေးများကြောင့် ဥရောပရှိဆေးဝါးစက်ရုံ အနာဂတ်စိုးရိမ်ရ
DVB
·
October 22, 2026
Photo:Reuters
Photo:Reuters
Donate to DVB

သြစတြီးယားနိုင်ငံ၊ အဲလ်ပ်စ်တောင်တန်းဒေသက စိမ်းလန်းတဲ့ တောင်ခြေမှာရှိတဲ့ ဥရောပရဲ့ နောက်ဆုံးလက်ကျန်၊ ထုတ်လုပ်မှု အဆင့်ဆင့်ကို အစမှအဆုံး ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ ပင်နီဆီလင်စက်ရုံဟာ တရုတ်နိုင်ငံရဲ့ စက်မှုလုပ်ငန်းစွမ်းအား ကြီးထွားလာမှုကြောင့် မရေရာတဲ့ အနာဂတ်ကို ရင်ဆိုင်နေရပါတယ်။

တရုတ်နိုင်ငံက သြစတြီးယားနိုင်ငံ၊ စံဒို့ဇ်စက်ရုံကထုတ်တဲ့ ပဋိဇီဝဆေးတွေနဲ့ သူတို့အတွက်လိုတဲ့ ပါဝင်ပစ္စည်းတွေကို ဥရောပဈေးကွက်အတွက် ပိုသက်သာတဲ့ ဈေးနှုန်းတွေနဲ့ အမြောက်အမြား ထုတ်လုပ်နေလို့ပါ။

ဈေးနှုန်းကျဆင်းလာတာက ကုန်ကျစရိတ်ကို အလေးထားတဲ့ ဥရောပအစိုးရတွေရဲ့ ပြည်သူ့ ကျန်းမာရေးစီမံကိန်းတွေအတွက် အကျိုးရှိစေပေမဲ့ စက်ရုံအတွက် ရှင်သန်ရပ်တည်ရေးကို ခြိမ်းခြောက်တဲ့ အန္တရာယ်တခု ဖြစ်လာနေပါတယ်။

ဒီစက်ရုံဟာ ဥရောပမှာ ပင်နီဆီလင်ဆေးဝါးအတွက် အဓိကကျတဲ့ ပါဝင်ပစ္စည်းတွေ အပါအဝင်၊ အစအဆုံး အဆင့်ဆင့်ကို ကိုယ်တိုင်ထုတ်လုပ်တဲ့ တခုတည်းသော နေရာဖြစ်ပါတယ်။

တခြားပြိုင်ဘက်ကုမ္ပဏီတွေက စက်ရုံတွေကို ပိတ်သိမ်းဖို့ ဒါမှမဟုတ် ထုတ်လုပ်မှုလုပ်ငန်းတွေကို တရုတ်နိုင်ငံဆီ ရွှေ့ဖို့ ကြေညာခဲ့ပေမဲ့ ဒီစက်ရုံကတော့ အနောက်နိုင်ငံတွေရဲ့ ကိုယ်တိုင်ဖူလုံနိုင်စွမ်းနဲ့ ပတ်သက်ပြီး ကျယ်ပြန့်လာတဲ့ ဆွေးနွေးငြင်းခုံမှုတွေကြားမှာ အဓိက အချက်အချာနေရာတခု ဖြစ်လာခဲ့ပါတယ်။

တကယ်လို့ စက်ရုံသာ ပိတ်သိမ်းသွားရမယ်ဆိုရင် ဥရောပဟာ တရုတ်နိုင်ငံအပေါ် လုံးဝ မှီခိုနေရမဲ့ အခြေအနေကို ဆိုက်သွားလိမ့်မယ်လို့  စက်ရုံမန်နေဂျာ စတက်ဖနီဂျဒ်နာက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အစိုးရရန်ပုံငွေ ယူရိုသန်း ၅၀ အပါအဝင် ယူရို သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၂၂၅ သန်း) တန်ဖိုးရှိတဲ့ တိုးချဲ့မှုစီမံကိန်း ပြီးစီးပြီး ၃ နှစ်အကြာမှာ တရုတ်နိုင်ငံအပေါ် အကောက်ခွန်ဆိုင်ရာ အရေးယူမှုတွေ ဖြစ်လာနိုင်တဲ့ "ဈေးနှုန်းနှိမ်ချရောင်းချမှု ဆန့်ကျင်ရေး စုံစမ်းစစ်ဆေးမှု" လုပ်ပေးဖို့ စန်ဒို့ဇ်ကုမ္ပဏီက ဥရောပကော်မရှင်ဆီ တောင်းဆိုထားပါတယ်။

၂၀၂၅ ခုနှစ်မှာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရာမှာ ဥရောပသမဂ္ဂ (EU) ရဲ့ ကုန်သွယ်မှုလိုငွေပြမှုပမာဏက တရက်ကို ယူရို ၁ ဘီလီယံလောက်အထိ (၂၀၂၀ ပြည့်နှစ်ကထက် နှစ်ဆလောက်) မြင့်တက်လာနိုင်ခြေရှိနေလို့ မူဝါဒ ချမှတ်သူတွေက ကုမ္ပဏီတွေနဲ့ အလုပ်အကိုင်တွေကို ကာကွယ်ဖို့ နည်းလမ်းသစ်တွေကို အသည်းအသန် ရှာဖွေနေကြပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013