
စစ်အာဏာရှင်တပ်က ဝါတွင်းကာလမှာ မဟာစည်သာသနာ့ရိပ်သာကျောင်းတော် အပါအဝင် ဘုန်းကြီးကျောင်းတွေနဲ့ သာသနိကအဆောက်အအုံတွေကို လေကြောင်းကနေ အကြမ်းဖက် ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ရဟန်းသံဃာတော်တွေက မိန့်ပါတယ်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က ဆရာတော် ဦးနန္ဒက “ဦးပဉ္စင်းရွာမှာ နေခဲ့တဲ့ကျောင်းဆိုရင် ပြီးခဲ့တဲ့ အခေါက်ထဲက ၇ ရက်ကျော်တောင် ပြေးလိုက်ရတယ်ဆိုတော့ ကထိန်အာနိသင်က ပျက်သွားတာလေ။ အဲ့ကျတော့ ကထိန်ခင်းလို့မရတော့ဘူး၊ ကထိန့် ဒါယိကာကို ပွင့်ပွင့်လင်းလင်း ပြောပြီးတော့ ကထိန်ခင်းလို့မရဘူးဆိုတာ ပြောလိုက်ရတာပေါ့။ ပျက်စီးကုန်တဲ့ကျောင်းတွေဆိုရင် လောလောဆယ် ပြန်ဆောက်ဖို့က အဆင်မပြေဘူး။ ဒီနေရာကို လေကြောင်းက သိသွားပြီဆိုရင် ဝါတွင်းကြီးမှာ သီတင်းသုံးလို့ မရဘူး။ လေကြောင်းက နောက်တကြိမ် ဘယ်တော့ပြန်လာမလဲဆိုတဲ့ အသိကြီးနဲ့ ဘေးကိုရှောင်နေရတာတွေပေါ့၊ အခက်အခဲတွေက အစစအရာရာ အများကြီးပဲ” လို့ မိန့်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ အရပ်သားတွေကိုသာမက သာသနိကအဆောက်အအုံတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် လူနေအိမ်တွေသာမက ဘုန်းကြီးကျောင်းတွေမှာပါ ဗုံးခိုကျင်းတွေ မဖြစ်မနေတူးထားရတယ်လို့ ဆရာတော်တွေက မိန့်ပါတယ်။
ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာရှိ မဟာစည်ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ သမိုင်းဝင် မဟာစည် သာသနာ့ရိပ်သာကျောင်းတော်ကို စစ်အာဏာရှင်တပ်က ဥပုသ်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဥပုသ်သီလယူနေတဲ့ ပြည်သူ ၂ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အောက်တိုဘာ ၁၁ ရက် တော်သလင်းလကွယ် ဥပုသ်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ တံတားဦးလေတပ်က တက်တဲ့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာဖြစ်ပြီး ဥပုသ်သီလယူနေတဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်ဝင်းမေနဲ့ အသက် ၂၃ နှစ်အရွယ် မအေးမွန်ကျော်တို့ သေဆုံးခဲ့ပါတယ်။
ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာဟာ မဟာစည်ဆရာတော် ဦးသောဘနရဲ့ ဇာတိဖြစ်ပြီး အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ ဘုန်းကြီးကျောင်းဟာလည်း မဟာစည်ဆရာတော် သီတင်းသုံးခဲ့တဲ့ ကျောင်းတော် ဖြစ်ပါတယ်။
အခုလို ကျောင်းတော် ဗုံးကြဲခံရတာနဲ့ ပတ်သက်ပြီး ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက “အလွန်စိတ်မကောင်းရပါတယ်၊ နာကြည်းရပါတယ်။ လေကြောင်းတိုက်ခံရတဲ့ ကျောင်းဟာ မဟာစည်ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ မဟာစည်ကျောင်းဆိုတာ သမိုင်းဝင် ကျောင်းတခုဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ သာသနာရေးအထွတ်အမြတ် အရေးကြီးတဲ့ နေရာတခု ဖြစ်သလို ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက်လည်း အားကိုးရာနေရာတခု ဖြစ်ပါတယ်။ ထိခိုက်သေဆုံးခဲ့ရသူတွေဟာလည်း စစ်ရေးပဋိပက္ခမှာ ပါဝင်တိုက်ခိုက်နေသူတွေ မဟုတ်ဘဲ ဘာသာရေးအရ ဥပုသ်သီလ ဆောက်တည်နေကြတဲ့ ပြည်သူတွေနဲ့ စစ်ဘေးဒုက္ခကြုံတွေ့နေရတဲ့ အရပ်သားတွေဖြစ်ပါတယ်။ အဲဒီလို နေရာမျိုးမှာ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရတာဟာ လုံးဝစိတ်မကောင်းစရာ ဖြစ်စဉ်ပါ” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ ၈ ယောက်ကိုလည်း အချိန်မီ ဆေးဝါးကုသပေးနိုင်ဖို့အတွက် ဆေးရုံ ဆေးခန်း၊ ဆေးဆရာဝန်နဲ့ ဆေးပစ္စည်းထိ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ထိခိုက်သေဆုံးဒဏ်ရာရသူတွေဟာ စက်တင်ဘာလ ၂၉ ရက်နေ့ကတည်းက ရွှေဘိုမြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့အတွက် အရေးပေါ်စစ်ရှောင်နေရသူတွေနဲ့ ဥပုသ်သီလ လာယူသူတွေလို့ သိရပါတယ်။
ပြည်သူတွေထိခိုက် သေဆုံးကြတဲ့အပြင် ဓမ္မာရုံတွေ၊ ရိပ်သာဆောင်တွေနဲ့ ဇရပ်စောင်းတန်း၊ အဆောက်အအုံ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
အောက်တိုဘာ ၇ ရက်ကလည်း မုံရွာမြို့နဲ့ ခုနစ်မိုင်ဝေးတဲ့ ပျံကျအနောက်ရွာ ဘုန်းကြီးကျောင်းကို ပါရာမော်တာစက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် ကိုရင်တပါး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း ပျက်စီးခဲ့ပါတယ်။
စစ်အာဏာရှင်တပ်က ဝါတွင်းကာလမှာ စစ်ကိုင်းတိုင်းက ဘုန်းကြီးကျောင်းတွေကို မကြာခဏ လေကြောင်းတိုက်ခိုက်နေတဲ့အတွက် ဘုန်းကြီးတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီနှစ် ဝါကျွတ်ကာလ ကထိန်ပွဲတွေ မကျင်းပကြဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း စစ်အာဏာရှင် စစ်ကြောင်းရဲ့ လက်ချက်ကြောင့် ချောင်းဦးမြို့နယ်က ဘိဝံသဘွဲ့ရ ဆရာတော် ဦးသုမနာဘိဝံသ ပျံလွန်တော်မူခဲ့ပါတယ်။











