
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အာဏာရှင်တပ်က ၁၄ စီးပါ ရေယာဉ်အုပ်စုဟာ လက်ရှိမှာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအစပ်က မြို့နယ်တွေကို ဖြတ်ကျော်ပြီး ကချင်ပြည်နယ်ထဲကို ဦးတည်သွားနေပါတယ်။
အဲဒီရေယာဉ်တန်း ကန့်ဘလူနယ်ထဲကို ဖြတ်သန်းသွားချိန်မှာ ဒရုန်းနဲ့တိုက်ခိုက်တာကို ခံခဲ့ရပြီး သင်္ဘောတစင်း မီးလောင်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တယောက်က ပြောပါတယ်။
စစ်အာဏာရှင်တပ်ဘက်ကလည်း စစ်ရေယာဉ်တွေ ဖြတ်သန်းသွားရာ မြစ်ကြောင်းတလျှောက်က ကျေးရွာတွေကို ရမ်းသန်းပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံရွာသားတချို့ ထိခိုက်သေဆုံးခဲ့ပါတယ်။
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အာဏာရှင်တပ်ရဲ့ ရေယာဉ်အုပ်စုဟာ လက်ရှိမှာ တကောင်းမြို့နားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မြစ်ကမ်းဘေးက ကျေးရွာတွေကို ရမ်းသန်းပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတဲ့အကြောင်း ထီးချိုင့် PDF တာဝန်ရှိသူတယောက်က ဩဂုတ် ၂၄ ရက် မနက်ပိုင်းမှာ ပြောပါတယ်။
“ထီးချိုင့်မြို့နယ်ထဲ ဝင်တော့မယ်။ သပိတ်ကျင်းနယ်ထဲ တကောင်းနား ရောက်နေပြီ။ ကန့်ဘလူနယ်ထဲမှာ ရှိစဉ်က ဒရုန်းနဲ့ တော်လှန်ရေးအဖွဲ့က ချလိုက်တာ သင်္ဘောတစင်း မီးလောင်ခဲ့တယ်။ ခုထိက ၁၄ စင်းပဲ၊ ရေယာဉ် ရွာနားရောက်ပြီ။ ရမ်းပစ်နေတယ်။ ကမ်းနီးက ဒေသခံတွေကတော့ ရှောင်ရပါတယ်။ ဘာတွေပါလဲဆိုတော့ လက်နက်၊ ခဲယမ်းနေမှာပေါ့၊ လားတွေလည်း ပါခဲ့တယ်လို့ ကြားတယ်။”
အဆိုပါ ရေယာဉ်တန်းဟာ တိုက်ခိုက်ရေးသင်္ဘောတွေ၊ ကမ်းထိုးသင်္ဘောတွေနဲ့ တွဲတွန်းသင်္ဘောတွေ စုစုပေါင်း ၁၄ စင်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
မန္တလေးကနေ စတင်ထွက်ခွာလာတဲ့ စစ်ရေယာဉ်ဟာ ဩဂုတ် ၂၁ ရက်က ဝက်လက်မြို့နယ် ရှိန်းမကားဒေသမှာ အိပ်စက်နားခိုခဲ့ပြီး နောက်တနေ့မှာတော့ လေကြောင်းပံ့ပိုးမှုယူကာ ဆန်တက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ဆန်တက်စဉ်အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကမ်းဖြူရွာက ဒေသခံတယောက် ဦးခေါင်းပြတ် သေဆုံးခဲ့ရတယ်လို့ ဝက်လက်ဒေသခံတယောက်က ပြောပါတယ်။
“ကျနော်တို့က အဓိကတွက်တာက တိုက်ခိုက်ရေးသင်္ဘောက ၂ စင်း၊ ကမ်းထိုးသင်္ဘောက ၄ စင်းဆိုတော့ ၆ စင်း။ တွဲတွန်းသင်္ဘောက ၈ စင်း စုစုပေါင်း ၁၄ စင်းပါဗျ။ ၂၁ ရက်ညက ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှိန်းမကားနားမှာ အိပ်တယ်။ အိပ်ပြီးတော့မှ ၂၂ ရက်နေ့ မနက်ကျတော့ အထက်ကိုတက်တဲ့အခါကျတော့ တံတားဦးကနေမှ Y-12 ရယ် ကင်းထောက်ရယ် ပြုံပြီး တက်ပြီးတော့ ၇ နာရီကျော်လောက်မှာ ဗုံးသီး ၂ လုံးချတယ်၊ ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားရာမှာ ကမ်းဖြူရွာမှာနေတဲ့ အမျိုးသားတဦးက ခေါင်းပြတ် သေဆုံးပြီးတော့မှ ၂ ဦး ဒဏ်ရာရတယ်ဗျ။”
စစ်ရေးလေ့လာသူတွေရဲ့ အဆိုအရ ဒီရေယာဉ်တန်းပေါ်မှာ တပ်မ ၈၈ နဲ့ စကခ ၂၁ က လူအင်အား ၈၀၀ ဝန်းကျင် ပါဝင်နိုင်ပြီး ထူးခြားချက်အနေနဲ့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေပါ ပါဝင်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါဟာ ဗန်းမော်ဒေသမှာ ပျက်စီးသွားတဲ့ တပ်ရင်းဌာနချုပ်တွေကို ပြန်လည်ပြင်ဆင်ဖို့နဲ့ အခိုင်အမာတပ်စွဲဖို့ ရည်ရွယ်ပုံရပြီး ရှေ့လျှောက် စင်းခန်းတံတားအနီးမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတယောက်က သုံးသပ်ပါတယ်။
စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က “တခုထူးခြားတာက ဒီတခေါက်မှာ စကခ ၂၁ က အိမ်ထောင်သည် မိသားစုဝင်တွေပါ ပါလာတယ်။ ဒီအင်အားတွေသာ ရောက်သွားရင် ဗန်းမော်ကို ပြန်ပြီးတော့ပေါ့နော် ခံစစ်ပြင်ဆင်တာရယ်၊ တပ်ရင်းဌာနချုပ်တွေ ပျက်စီးသွားတဲ့ဟာတွေကို ပြန်လည်ပြင်ဆင်မဲ့ အနေအထားမျိုးနဲ့ အပိုင်သဘောမျိုးနဲ့ တက်လာတဲ့ အနေအထားမျိုး တွေ့ရတယ်။ တဖက်မှာလည်း KIA တိုက်စစ်အား ချထားတာကို အခွင့်ကောင်းယူတာလည်း ပါမှာပေါ့နော်။ ပြီးရင် SNA ဘက်ကလည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်မလုပ်ဖို့ KIA ဘက်ကို တောင်းဆိုထားတာတွေ ရှိတဲ့ဟာကို အားသာချက်ယူပြီး တက်လာတဲ့အနေအထားမျိုးပဲ။ ဒါပေမဲ့ ကျနော်တို့ စင်းခန်းတံတားနားမှာတော့ ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်လိမ့်မယ်လို့တော့ ယူဆပါတယ်ဗျ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ မြေပြင်စစ်ကူမပို့နိုင်တော့တဲ့ ဗန်းမော်ကို မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကတဆင့် တပ်ကူနဲ့ ရိက္ခာတွေ နှစ်စဉ်ပို့လေ့ရှိတာပါ။
၂၀၂၅ ခုနှစ် ဇူလိုင်က နှောင်းပိုင်းကလည်း စစ်သင်္ဘောအုပ်စုကို ဗန်းမော်မြို့ဆီ စေလွှတ်ခဲ့ပြီး ဂျက်တိုက်လေယာဉ်တွေ၊ Mi-35 တွေနဲ့ အကြိမ်ကြိမ် ဗုံးကြဲတာကြောင့် ပြည်သူ ဆယ်နဲ့ချီ သေဆုံးခဲ့ရသလို ပြည်သူထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်ခဲ့ရဖူးပါတယ်။











